မန်ယူနှင့်ပွဲတွင် ချယ်လ်ဆီးအသင်း တည်ငြိမ်မှုရှိစေရန် ကွန်တီသတိပေး

မန်ယူနှင့်ပွဲတွင် ချယ်လ်ဆီးအသင်း တည်ငြိမ်မှုရှိစေရန် ကွန်တီသတိပေး

ဧပြီ ၁၀၊ လန်ဒန်။        ။ တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်၌ မော်ရင်ဟို စိတ်ဓါတ်လှံု့ဆော်ထားသည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ရင်ဆိုင်ရသည့် အခါ ချယ်လ်ဆီးအသင်း တည်ငြိမ်မှုရှိနေစေရန် နည်းပြကွန်တီက သတိပေးလိုက်သည်။

စတမ်းဖို့ဒ်ဘရစ်ချ်တွင် မကြာသေးမီက ကစားခဲ့သော အက်ဖ်အေဖလားပွဲ၌ ကွန်တီနှင့် မော်ရင်ဟိုအကြား တင်းမာမှုများ ရှိခဲ့ပြီး ချယ်လ်ဆီးက ၁-၀ ဂိုးဖြင့် အနိုင်ရသည့် ယင်းပွဲတွင် ဟာရဲရား ထုတ်ပယ်ခံရကာ ယူနိုက်တက်နည်းပြကို ပရိသတ်များက သစ္စာဖောက်ဟု အော်ဟစ်ခဲ့ကြသည်။

အခြားချယ်လ်ဆီးနည်းပြများတွင် ၎င်းကဲ့သို့ပရီးမီးယားလိဂ်ဖလားသုံးလုံးယူပေးနိုင်သူမရှိသေးရာ မော်ရင်ဟိုက သစ္စာဖောက်မှာ နံပါတ်တစ်ဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

ပရီးမီးယားလိဂ် ခုနစ်ပွဲကျန်သေးချိန်တွင် စပါးအသင်းကို ခုနစ်မှတ်ဖြတ်ထားသည့် ချယ်လ်ဆီးအသင်းသည် အိုးထရက်ဖို့ဒ်သို့ သွားရောက်ကစားရမည်ဖြစ်သည်။

“ပရီးမီးယားလိဂ်ဖလားရအောင် ကြိုးစားနေတာဖြစ်လို့ ကျွန်တော်တို့အတွက် စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့က အရမ်းအရေးကြီးပါတယ်။ အဲဒီပွဲက သေချာပေါက်ခက်ခဲမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ ကစားဖို့အသင့်ပါပဲ။

ယူနိုက်တက်မှာ လှံု့ဆော်မှုကောင်းကောင်း ရှိနေမယ်လို့ ကျွန်တော်သေချာပြောရဲပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့က ချယ်လ်ဆီးနဲ့ ကစားရမှာလေ။ အသင်းတိုင်းက ကျွန်တော်တို့ကို နိုင်ချင်နေကြတယ်”ဟု ကွန်တီက ဆိုသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required