တောင်တွင်းကြီးတွင် "ပိုးသာကုန် မောင်ပုံ စောင်းမတတ်" သံချပ်အဖွဲ့က သင်္ကြန်ကာလ လှည့်လည်ဖျော်ဖြေမည်

တောင်တွင်းကြီးတွင် "ပိုးသာကုန် မောင်ပုံ စောင်းမတတ်" သံချပ်အဖွဲ့က သင်္ကြန်ကာလ လှည့်လည်ဖျော်ဖြေမည်

မကွေး၊ ဧပြီ ၁၀ ။              ။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကိုယ်စားပြု "ပိုးသာကုန် မောင်ပုံ စောင်းမတတ်" သံချပ်အဖွဲ့သည် ယခုနှစ်တွင်လည်း အစဉ်အလာမပျက် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဖျော်ဖြေခြင်းတို့အပြင် မကွေးမြို့၊ ဝါသနာရှင်များစုပေါင်းပြုလုပ်သည့် မဏ္ဍပ်ကြီးတွင် သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃ ရက်) ညနေပိုင်းက သွားရောက်ဖျော်ဖြေ တင်ဆက်သွားမည်ဟု သိရသည်။

ပိုးသာကုန် မောင်ပုံ စောင်းမတတ် သံချပ်အဖွဲ့မှ ပြည်သူတို့၏ တစ်နှစ်တာ ဘဝအမောများကို တစိတ်တစ်ဒေသ ပြေပျောက်စေခြင်း အလို့ငှါ ပြည်သူတို့၏ ရင်တွင်းမှ ရင်ဖွင့်သံများကို သံချပ်တေးသွားများအသွင် အနုပညာဖန်တီးကာ အပြုသဘောဆောင် တင်ဆက် သီဆို ဖျော်ဖြေသွားမည့် ဖြစ်ကြောင်း သံချပ်အဖွဲ့ ဦးဆောင်သူများထံက သိရသည်။

ပိုးသာကုန် မောင်ပုံ စောင်းမတတ် သံချပ်အဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပြီး သံချပ်အဖွဲ့သားဦးရေ အတိုင်၊ အဖောက်၊ တီးခတ်သူနှင့် ကြီးကြပ်သူ စုစုပေါင်း (၃၀) ဦးခန့် ရှိကြောင်းသိရသည်။

ရည်ရွယ်ချက်မှာ ပြည်သူတွေရင်ထဲ ဖြစ်ပေါ်နေသည့် တစ်နှစ်တာ ဘဝအမောလေးများ ပြေပျောက်စေလိုသည့် ဆန္ဒဖြင့် ပြည်သူအများစိတ်ထဲမှာ မွမ်းကြပ်နေသည်များ အများအမြင်တွင် အမြင်မတင့်တယ် တာလေးများကို သံချပ်စာသားအသွင် တေးသီချင်းအသွင် အနုပညာနဲ့ဖန်တီးပြီး မြန်မာ့ရိုးရာ သံချပ်ကို ထိန်းသိမ်းသည့် အနေနဲ့ ပြည်သူကိုယ်စား အပြုသဘောဆောင်ကာ ရင်ဖွင့် တင်ပြခြင်းဖြစ်ကြောင်း သံချပ်အဖွဲ့ဦးဆောင်သူတစ်ဦး ဖြစ်သော ကိုစိုးပြည့်အောင်(ခ)ဗိုလ်ပြည့်က ပြောသည်။

"ကျွန်တော်တို့မြို့နယ်မှာ သက်ဆိုင်ရာဌာနတွေက ဦးစီးပြုလုပ်တဲ့ မြို့နယ်ကိုယ်စားပြု မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွေ မရှိခဲ့တာ ကြာခဲ့ပါပြီ။ မြန်မာ့ရိုးရာ မဟာသင်္ကြန်ယိမ်းအက ၊ တစ်ပင်တိုင် အက၊ သံချပ်အဖွဲ့တွေဟာ ပျောက်ကွယ်လုနီးနီးဖြစ်နေပါပြီ။ သံချပ်ဆိုရာ ကြောက်စရာ လက်နက် မဟုတ်ပါ၊ အဆံမပါတဲ့ သင်္ကြန်အမြောက် ဖြစ်ပါတယ်၊ အပြုသဘောဆောင်တဲ့ ပြည်သူ့ကိုယ်စားတင်ပြမှုတွေကို လိုလိုလားလား ကြည်ဖြူ စွာနဲ့ ပြံုးပြံုးကလေး လက်ခုပ်သြဘာပေးပြီး အားပေးမြှောက်စားခဲ့မယ်ဆို ပြည်သူတွေရဲ့ တစ်နှစ်တာ ဘဝ အမောတွေ တစိတ် တစ်ဒေသ ပြေပျောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ရွှေအိုးရပ်ကွက်နေ ပြည်သူ တစ်ဦးကပြောသည်။

ပိုးသာကုန် မောင်ပုံ စောင်းမတတ် သံချပ်အဖွဲ့သည် သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃ရက်) ညနေ၌ မကွေးမြို့က ကိုယ်ထူကိုယ်ထ သင်္ကြန်မဏ္ဍပ်တစ်ခုတွင် ရှိမည်ဖြစ်ပြီး သင်္ကြန်အကျ၊ အကြတ်၊ အတက်နေ့များတွင်မူ တောင်တွင်းကြီးမြို့ ၊ အုန်းတော (၂) ရပ်ကွက်၊ ပြည်လမ်းရှိ စိုးနန်းမြိုင် မဟာသင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း အလှပြယာဉ်များဖြင့် လှည့်လည်ဖျော်ဖြေသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required