ဆွီဒင်တွင် လူစည်ကားရာ စတိုင်းဆိုင်အတွင်း လော်ရီကားဖြင့် တိုက်ခိုက်မှုဖြစ်၍ လေးဦးသေဆုံး

ဆွီဒင်တွင် လူစည်ကားရာ စတိုင်းဆိုင်အတွင်း လော်ရီကားဖြင့် တိုက်ခိုက်မှုဖြစ်၍ လေးဦးသေဆုံး

စတော့ဟုမ်း၊ ဧပြီ ၈ ။           ။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ဧပြီ ရ ရက် နေ့လည်ပိုင်းက လူစည်ကားရာ စတိုးဆိုင်အတွင်း လော်ရီကားဖြင့် ၀င်တိုက် တိုက်ခိုက်မှုဖြစ်၍ လူလေးဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရကြောင်း ရဲဌာနက ပြောသည်။

တိုက်ခိုက်သည့် လော်ရီကားမောင်းသူ ဒရိုင်ဘာနောက် ရဲများက အပူတပြင်း လိုက်လံရှာဖွေနေဆဲဖြစ်ပြီး တိုက်ခိုက်မှုနှင့် ချိတ်ဆက်ပတ်သက်သူတစ်ဦးကိုမူ ဖမ်းဆီးရမိထားကြောင်း ရဲက ဆိုသည်။

ရဲတပ်ဖွဲ့အနေဖြင့် ယင်းတိုက်ခိုက်မှုကို အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ယူဆထားကြောင်း အမျိုးသားရဲဌာနအကြီးအကဲ စတီဖန်ဟက်တာက ပြောသည်။

ဖမ်းမိထားသူသည် အသက် ၃၉ နှစ်ရှိသူ ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်ပြီး အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူဖြစ်ကြောင်း Aftonbladet သတင်းစာက ဖော်ပြသည်။

နိုင်ငံ၏ နယ်စပ်ကို တောင့်တင်းခိုင်မာစွာ ထိန်းချုပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် စတီဖန်လော့ဖ်ဗင်းက ဆိုသည်။

“အကြမ်းဖက်သမားတွေက ကျွန်တော်တို့ ကြောက်ရွံ့စေချင်နေတယ်။ ကျွန်တော်တို့ အပြုအမူတွေကို ပြောင်းလဲပစ်ချင်နေတယ်။ ပုံမှန်ဘဝမှာ ကျွန်တော်တို့ နေထိုင်တာမျိုးကို မလိုလားဖြစ်နေတယ်။

ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့ ဖြစ်ချင်သလို ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် အကြမ်းဖက်သမားတွေက ဆွီဒင်ကို ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး။ ဘယ်တော့မှပဲ။”ဟု ၀န်ကြီးချုပ်က ပြောသည်။

ယခုတိုက်ခိုက်မှုအား အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ၀န်ကြီးချုပ်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဘီဘီစီ နောက်ဆုံးရသတင်းတွင် ဖော်ပြရာ ဆွီဒင်နိုင်ငံအတွက် အသက်ခန္ဓာ ဆုံးရှုံးမှု ကြံုရသည့် ပထမဆုံးအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေသည်။

ကားဖြင့်တိုက်ခိုက်သူ၏ ဓာတ်ပုံအား ရဲတပ်ဖွဲ့က ယင်းနေ့နှောင်းပိုင်းတွင် ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း စတော့ဟုမ်းမြောက်ဖက် ၂၅ မိုင်အကွာတွင် ၎င်းနှင့် ဆင်တူသည့် လူတစ်ဦးကို တွေ့ရှိဖမ်းဆီးထားကြောင်း၊ နောက်ပိုင်းတွင် ယင်းတိုက်ခိုက်မှုနှင့် ချိတ်ဆက်မှုရှိသည့် တစ်ဦးကိုလည်း ထပ်မံဖမ်းဆီးမိကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။

ကားဖြင့် တိုက်ခိုက်မှုကျုးလွန်သူသည် ဘီယာတင်ဆောင်ထားသော လော်ရီကားကို ခိုးယူကာ ကွင်းစထရိတ်လမ်းက Ahlens စတိုးဆိုင်အတွင်း မောင်းဝင်တိုက်ခိုက်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကားကို ပိုင်ဆိုင်သည့် ဘီယာကုမ္ပဏီက ယင်းကားသည် ပစ္စည်းအတင်အချ လိုက်ပို့စဉ် စားသောက်ဆိုင်တစ်ခုအနီး ပြန်ပေးဆွဲ ယူဆောင်သွားခြင်း ခံရခြင်းဖြစ်ကြောင်း ပြောသည်။

ဗီဒီယိုဓာတ်ပုံများတွင် အဆိုပါ လော်ရီကားပြာကြီးက ဆိုင်အတွင်း မောင်းဝင်တိုက်သည်ကို တွေ့ရပြီး လူအများ ကြောက်လန့်တကြား ထွက်ပြေးကြသည်။

“ကားကို တစ်ယောက်ယောက် မောင်းလာတာတွေ့တယ်။ အထိန်းအချုပ်မဲ့ မောင်းဝင်လာတာကို ကျွန်တော် တွေ့ပါတယ်။ လူနှစ်ဦး တိုက်မိလဲကျသွားတယ်။ ကျွန်တော်လည်း ဒီနေရာ တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးခဲ့ရတယ်။”ဟု အခင်းဖြစ်ရပ်တွင် မျက်မြင်ကြံုလိုက်ရသူတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required