ဆီးဂိမ်းမတိုင်မီ မြန်မာယူ-၂၂အသင်း တရုတ်နိုင်ငံသို့ သွားရောက်နေထိုင် လေ့ကျင့်မည်

ဆီးဂိမ်းမတိုင်မီ မြန်မာယူ-၂၂အသင်း တရုတ်နိုင်ငံသို့ သွားရောက်နေထိုင် လေ့ကျင့်မည်

ဧပြီ ၈၊ ရန်ကုန်။          ။ ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂အသင်းအနေဖြင့် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံသို့ သွားရောက်နေထိုင်လေ့ကျင့်ရန် စီစဉ်ထားသည်။

မြန်မာယူ-၂၂အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီလူမျိုးနည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်က တာဝန်ယူကိုင်တွယ်မှာ ဖြစ်ပြီး ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲဝင်ကစားသမားများနှင့် ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများကို အချိုးကျပေါင်းစပ်ဖွဲ့စည်းမည်ဖြစ်သည်။

ယူ-၂၂အသင်းက ဆီးဂိမ်းမတိုင်ခင်မှာ တရုတ်နိုင်ငံကိုသွားရောက်နေထိုင်လေ့ကျင့်ဖို့စီစဉ်ထားပါတယ်။ ခြေစမ်းပွဲတွေကစားဖို့တော့ ညှိုနှိုင်းနေဆဲပါ။

တရုတ်ဘောလုံးအဖွဲ့ချုပ်ကို စာပို့ထားပါတယ်။ အခြေအနေအသေးစိတ်သိရရင်တော့ တရားဝင်သတင်းထုတ်ပြန်ပေးမှာပါ။ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်ဒါရိုက်တာချုပ် ဦးဘုန်းနိုင်ဇော်က   ပြောသည်။

မြန်မာယူ-၂၂အသင်းမှာ ဆီးဂိမ်းပြိုင်ပွဲအပြင် အာရှယူ-၂၂ခြေစစ်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး အာရှခြေစစ်ပွဲတွင် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

 မြန်မာယူ-၂၂အသင်းအနေဖြင့် တရုတ်ခရီးစဉ်မတိုင်မီ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ ဂျပန်တက္ကသိုလ်တို့နှင့် ကစားရမည့် KBZ Bank Cup ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly