ခမာနီရုပ်ရှင် ရိုက်ကူးရေးတွင် သားဖြစ်သူ ကမ္ဘောဒီးယား ဆယ်ကျော်သက် မက်ဒေါ့စ် က အကူအညီများစွာ ပေးလိမ့်မည်ဟု အင်န်ဂျလီနာ ဂျိုလီ ပြော

ခမာနီရုပ်ရှင် ရိုက်ကူးရေးတွင် သားဖြစ်သူ ကမ္ဘောဒီးယား ဆယ်ကျော်သက် မက်ဒေါ့စ် က အကူအညီများစွာ ပေးလိမ့်မည်ဟု အင်န်ဂျလီနာ ဂျိုလီ ပြော
ဓာတ်ပုံ- UK သံရုံး

သရုပ်ဆောင်မှ ဒါရိုက်တာ ဖြစ်လာသူ အင်န်ဂျလီနာ ဂျိုလီက သူရိုက်ကူးမည့် ကမ္ဘောဒီးယား ခမာနီ ဒရာမာ ရုပ်ရှင်အတွက် သူ၏ ကမ္ဘောဒီးယား မွေးစားသား Maddox က အကူအညီ များစွာပေး လိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

ထိုဇာတ်ကားမှာ ကမ္ဘောဒီးယားနိုင်ငံ၏ သမိုင်း အမည်းစက်ကို အခြေပြု၍ ရိုက်ကူးမည့် ဇာတ်ကား ဖြစ်သည်။

Loung Ung ၏ စာအုပ် “First they Killed My Father: A Daughter of Cambodia Remembers” ကို အခြေခံ၍ အင်န်ဂျလီနာ ဂျိုလီက ရုပ်ရှင်ရိုက်ကူးမည်ဖြစ်ကြောင်း ယခုအပတ် ထဲတွင်ကြေညာ ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံမှ ကွန်မြူနစ် ခမာနီတို့၏ “လူသတ်ကွင်းများ” နှင့် ပတ်သက်၍ ရေးသားထားသော စာအုပ်ဖြစ်သည်။

အော်စကာဆုရှင် မင်းသမီး ဂျိုလီ၏ အသက် ၁၃ နှစ်အရွယ် သားဖြစ်သူ Maddox သည် ကျောင်းအားလပ်ရက် ရသည်နှင့် ရိုက်ကွင်းတွင် နေ့စဉ် ကူညီလိမ့်မည်ဖြစ်ကြောင်း မင်းသမီးက ပြောသည်။ ထိုသို့ ကူညီခြင်းအားဖြင့် သားဖြစ်သူ Maddox သည်လည်း သူ၏ မွေးရပ်မြေ အကြောင်း ကို ပိုမိုနားလည်လာလိမ့်မည်ဖြစ်ကြောင်း ဂျိုလီက ပြောသည်။

“ရုပ်ရှင်အတွက် Maddox နဲ့ ကျွန်မ ကြိုတင်ပြင်ဆင်ကြရင်းနဲ့ သူ့ရဲ့ နိုင်ငံအကြောင်းကို ကျွန်မ တို့ အတူတကွ လေ့လာကြမှာပါ” ဟု ဂျိုလီက ဆိုသည်။

“သူဟာ လာမယ့်အပတ်မှာ အသက် ၁၄ နှစ် ပြည့်တော့မှာပါ။ သူ ဘယ်သူလဲဆိုတာကို သူ အပြည့်အဝ နားလည်ဖို့ အခုအချိန်ဟာ သူ့အတွက် အရမ်းအရေးကြီးတဲ့ အချိန်ပါ။ သူဟာ ကျွန်မရဲ့ သားတစ်ယောက်ဖြစ်သလို ကမ္ဘောဒီးယားနိုင်ငံရဲ့ သားတစ်ယောက်လည်း ဖြစ်ပါတယ်” ဟု ဂျိုလီက ပြောခဲ့သည်။  

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly