မန္တလေးခရိုင်အတွင်း စည်းကမ်းချိုးဖောက်သော ဆေးဆိုင် ၁၆ ဆိုင် အရေးယူထား

မန္တလေးခရိုင်အတွင်း စည်းကမ်းချိုးဖောက်သော ဆေးဆိုင် ၁၆ ဆိုင် အရေးယူထား
ဓာတ်ပုံ - ဇာမဏီ

မန္တလေး ။           ။ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ သောက်သုံးရန် မသင့်သော ဆေးဝါးများ ရောင်းချခြင်း မပြုရန် တားမြစ်ထားရာ မန္တလေးခရိုင်အတွင်း လိုက်နာခြင်း မရှိသည့် ဆေးဆိုင်(၁၆)ဆိုင်အား ဆိုင်ပိတ်သိမ်း အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးဆိုင်များအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ လစဉ် ရှောင်တခင် စစ်ဆေး အရေးယူခဲ့ခြင်းလည်းဖြစ်သည်။

'' ဆေးဆိုင်တွေကို စစ်ဆေးနေတာက ပုံမှန်စစ်ဆေးနေတာပါ။ ဆေးဆိုင်လိုင်စင်လျှောက်တဲ့အခါ အခါအားလျော်စွာ စစ်ဆေးခံရမယ်ဆိုတာပါတယ်။ လစဉ် စစ်ဆေးတာတွေ လုပ်နေပါတယ်။ တစ်လကို နှစ်မြို့နယ် သုံးမြို့နယ်ကို (၁၀)ဆိုင် မှ (၂၀)ဆိုင်ကြား စိစစ်ဖြစ်နေပါတယ်။ စည်းကမ်းချိုးဖောက်တဲ့ ဆေးဆိုင်တွေကို ဆိုင်ပိတ်သိမ်း အရေးယူနေပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးခရိုင်အတွင်း ဆေးဆိုင် ရ၀၀ ကျော်ရှိပြီး ငါးလတာ စစ်ဆေးအရေးယူမှုတွင် အောင်မြေသာဇံမြို့နယ် (၃)ဆိုင်၊  ချမ်းအေးသာစံမြို့နယ် (၄)ဆိုင်၊  မဟာအောင်မြေ(၃)ဆိုင်၊  ချမ်းမြသာစည်မြို့နယ်(၆)ဆိုင် စုစုပေါင်း (၁၆)ဆိုင်ကို အချိန်ကာလ တစ်ခုသတ်မှတ်၍ ဆိုင်ပိတ်သိမ်း အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။

'' ရဲတပ်ဖွဲ့ စီမံချက်နဲ့ သင်္ကြန်ကာလ ကာမဆေးစစ်တာတွေ ပူးပေါင်းလုပ်ဆောင်နေတယ်။ ကာမဆေး ဘယ်ဆေးကိုမှ ခွင့်ပြုချက်မပေးထားဘူး။ တွေ့ရင် အားလုံးကို သိမ်းဆည်း အရေးယူ သွားမှာပါ။ ချမ်းအေးသာစံမြို့နယ် နဲ့ မဟာအောင်မြေမြို့နယ် နှစ်မြို့နယ်ကို စစ်ဆေးပြီးပါပြီ '' ဟု မန္တလေးတိုင်းဒေသကြီး ၊အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးခရိုင်အတွင်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ မှ အောက်တိုဘာလကုန်ထိ သိမ်းဆည်းရမိသော သက်တမ်းလွန်ဆေး ကာလတန်ဖိုး ကျပ်သိန်း ၈ ထောင်ကျော်ကို ၂၀၁၆၊ အောက်တိုဘာ နောက်ဆုံးအပတ်က မီးရှို့ဖျက်ဆီးခြင်းများလည်းပြုလုပ်ခဲ့သည်။

မန္တလေးခရိုင်အတွင်းရှိ ဆေးဆိုင် ရ၀၀ ကျော်ကို သက်တမ်းလွန် ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးများ၊ သောက်သုံးရန်မသင့်သော ဆေးများအား ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးခြင်း၊ ရှင်းလင်းခြင်းများ ပြုလုပ်ထားသော်လည်း ယနေ့ထိ ရာခိုင်နှုန်းအနည်းငယ်သာ ပါ၀င်လာခြင်းကြောင့် အဆိုပါဆေးများ စျေးကွက်အတွင်း ပပျောက်အောင် လုပ်ဆောင်ရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရရာ အားလုံးပူးပေါင်းပါ၀င်ရန် လိုအပ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly