“လေကြောင်း ဗီဇာကင်းလွတ်ခွင့်နဲ့ နယ်စပ် ဝင်ထွက်ခွင့် ဘယ်ဟာက ပိုအရေးကြီးသလဲ”

“လေကြောင်း ဗီဇာကင်းလွတ်ခွင့်နဲ့ နယ်စပ် ဝင်ထွက်ခွင့် ဘယ်ဟာက ပိုအရေးကြီးသလဲ”

အခုဆိုရင် မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးတွေဟာ နှစ်နိုင်ငံ နိုင်ငံသားတွေ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးကြမယ့် သဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုး လိုက်ပါပြီ။ ဒီစာချုပ်ပါ သဘော တူညီချက်အရအစောဆုံးအနေနဲ့ လာမယ့် သြဂုတ်လ ၁၂ ရက်လောက်ဆိုရင် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ နှစ်နိုင်ငံ နိုင်ငံသားတွေဟာ လေကြောင်း ခရီးစဉ်တွေကနေတစ်ဆင့် တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ဗီဇာမလိုဘဲ ဝင်ထွက်နိုင်ကြတော့ မှာ ဖြစ်ပါတယ်။ ဗီဇာ ကင်းလွတ်ခွင့်ပေးတဲ့ ကာလဟာ ၁၄ ရက်ဖြစ်ပြီး အလည်အပတ် ဗီဇာ အမျိုးအစား ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်ကြောင့် နှစ်ဘက်နိုင်ငံသားတွေ ဘာအကျိုးအမြတ် တွေ ရကြမှာလဲ၊ နှစ်နိုင်ငံ ပြည်ဝင်ခွင့်နဲ့ ပတ်သက်ပြီး ရှေ့ဘာ ဆက်လုပ်ဖို့ လိုနေသေးသလဲ ဆိုတာ ဒီကနေ့ဆွေးနွေး တင်ပြသွား ပါ့မယ်။

အခုလို ဗီဇာ ကင်းလွတ်ခွင့်ရလိုက်တဲ့အတွက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံကို ၁၄ ရက်ထက် မကျော်ဘဲ သွားလည်မယ်ဆိုရင် ထိုင်းသံရုံးသွားပြီး ဗီဇာ လျှောက်ရတာ သက်သာ သွားပါ လိမ့် မယ်။

ဗီဇာကြေးလည်း ကုန်ကျတော့မှာ မဟုတ်ပါဘူး။ (ထိုင်းနိုင်ငံမှာ ရှပ်နီ၊ ရှပ်ဝါ အပြန်အလှန် ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး ခရီးသည် ဝင်ရောက်မှု နည်းပါးသွားခဲ့တဲ့ ကာလ အပိုင်းအခြား တစ်ခုမှာတော့ ထိုင်းသံရုံး ဟာ အလည်အပတ် ဗီဇာနဲ့သွားမယ့် မြန်မာတွေကို ဗီဇာခ ကင်းလွတ်ခွင့် ပြုခဲ့ဖူးတဲ့ တစ်ချိန် ရှိခဲ့ဖူးပါတယ်။) အရင်ကလို ဗီဇာ အရင်လျှောက်၊ ဗီဇာရမှ ထိုင်းကို ခရီးထွက်ဆိုတာမျိုး လုပ်ဖို့မလိုတော့ဘဲ ကိုယ် စိတ်ကူးရှိတဲ့အချိန် လေယာဉ်လက်မှတ် ဝယ်ပြီး ထိုင်းနိုင်ငံကို ချက်ချင်းသွားလို့ ရပါလိမ့်မယ်။ နောက် ပိုအရေးကြီးတဲ့ အချက်က ထိုင်းနိုင်ငံကို ပထမဦးဆုံးသွားမယ့်သူတွေ အနေနဲ့အရင်ကလို ဗီဇာအတွက် ပိုင်ဆိုင်မှု အထောက်အထားတွေ တင်ပြရတာ၊ ထိုင်းမှာ သွားမယ့် နေရပ်လိပ်စာ ဖော်ပြရတာ၊ ထိုင်းလေဆိပ် ရောက်ရင် Show money ပြရမှာ၊ အခန့်မသင့်ရင် ထိုင်း လဝက က အဝင်မခံဘဲလေယာဉ်ပေါ် ပြန်တင်ပေးလိုက်မှာ စတဲ့ ပြဿနာတွေတော့ ကင်းဝေးသွားနိုင်ပါတယ်။

ဒါကလည်း ထိုင်းနိုင်ငံဟာ တခြား မြန်မာနဲ့ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ အာဆီယံ နိုင်ငံတွေနည်းတူ တကယ့်ကို ဗီဇာကင်းလွတ်ခွင့် ပေးဦးမှ ဖြစ်မှာပါ။ လက်ရှိ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ လေဆိပ်တွေမှာတော့ မြန်မာ ပတ်စ်ပို့ ပြလိုက် တာနဲ့ ဘာ အမေးအမြန်းမှ မရှိဘဲ အဝင်တုံး ထုပေးလိုက်တာမျိုးပါ။ ထိုင်းလေဆိပ် လဝက တွေက လည်း အဲလို အကောင်အထည် ဖော်ပေးဖို့ လိုပါတယ်။ အခုနောက်ပိုင်း ထိုင်းနိုင်ငံသား အများအပြားလည်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှုတွေ ရှိနေတော့ ခုလိုအပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြုတာမျိုး ထိုင်းနိုင်ငံသားတွေဘက်ကလည်း တူညီသော အကျိုးခံစားကြရမှာပါ။

ဒါပေမယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ တကယ့်တကယ် လိုအပ်နေတာက ထိုင်းနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကနေ ဗီဇာကိုင်ပြီး အပြန်အလှန် တရားဝင် ဝင်ထွက်ခွင့်ပါ။ ထိုင်းနိုင်ငံဟာ သူနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား နိုင်ငံတွေနဲ့ နယ်စပ်ကနေ ဗီဇာကိုင်ပြီး အပြန်အလှန် ဝင်ထွက်ခွင့်ပြုထားပါတယ်။ အဲဒီ နယ်စပ်ဂိတ်ပေါက်တွေကနေ နိုင်ငံခြားသားတွေတင်မက ထိုင်း၊ လာအို၊ကမ္ဘောဒီးယား၊ မလေးရှား နိုင်ငံသားအားလုံး တရားဝင် ဝင်ထွက်နိုင်ကြပါတယ်။ ဒါပေမယ့် ရှည်လျားတဲ့ နယ်နိမိတ်ရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ပမာဏလည်း ကြီးမားတဲ့ မြန်မာနဲ့ကျတော့ ထိုင်းနိုင်ငံ ဟာအဲလို သဘောတူညီမှုမျိုး မလုပ်ချင် ပါဘူး။ လက်ရှိ နှစ်နိုင်ငံ နယ်စပ်တွေမှာ ဖွင့်ထားတဲ့ လဝက ဂိတ်တွေ ဆိုတာဟာလည်း ဗီဇာရထားတဲ့ နိုင်ငံခြားသားတွေ ဝင်ထွက်ဖို့လောက်ပဲဖြစ်ပြီးမြန်မာနိုင်ငံ သားတွေနဲ့ ထိုင်းတွေ ကတော့ ဗီဇာ အသုံးပြုပြီး ဖြတ်သန်းလို့ မရပါဘူး။

ထိုင်းဘက်က အဲလို တရားဝင် ဗီဇာကိုင်ပြီး နယ်စပ်ကနေ အပြန်အလှန် ဝင်ထွက်ခွင့်ပြုဖို့ သဘောမတူနိုင်တာမှာ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ကိစ္စတွေ ပါကောင်း ပါနိုင်ပါတယ်။ လက်ရှိ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံသားတွေအကြား အသုံးပြုနေကြတာဟာ လေကြောင်းလိုင်း တစ်ခုတည်းပါ။ တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး လေဆိပ် ဝင်ပေါက်တွေကနေ မြန်မာနိုင်ငံထဲကို နိုင်ငံတကာ ခရီးသည် တစ်သန်းခြောက်သိန်းနီးပါး ဝင်ရောက်ခဲ့ပါတယ်။

အဲဒီအထဲမှာ ဘန်ကောက်ခရီးစဉ် တစ်ခုတည်း က ဝင်ရောက်လာသူဟာ တစ်သန်း နှစ်သိန်း နီးပါးရှိပြီး ၇၅ ရာခိုင်နှုန်းလောက် ရှိနေတာပါ။ ဒီအထဲမှာမှ ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ထိုင်းအဲဝေး အင်တာနေရှင်နယ် TG လိုင်းဟာ ခရီးသည် ၄ သိန်းနီးပါးနဲ့ ဝေစု အများဆုံး ရရှိခဲ့ပါတယ်။ သူ့နောက်က ထိုင်းအခြေစိုက် အဲအေးရှား နဲ့ ဘန်ကောက်အဲဝေး လေကြောင်းလိုင်းတို့ လိုက်ပါတယ်။ ပြောရရင် အခုလို ထိုင်းလေကြောင်း လိုင်းတွေကနေ အကျိုးအမြတ် အများကြီးရနေတာမို့ ထိုင်းအစိုးရ အနေနဲ့ နယ်စပ်ဂိတ်တွေ ဖွင့်မပေးချင်တာလည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့သာ သမ္မတ ဦးသိန်းစိန် အစိုးရဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံသားတွေ ဗီဇာ ကိုင်ပြီး နယ်စပ်ကနေ တရားဝင် ဝင်ထွက်ခွင့်ရစေမယ့် သဘောတူညီချက်မျိုးရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ မယ်ဆိုရင် မြန်မာတွေကို နှစ်ပေါင်းများစွာ ပိတ်ဆီးကာရံထားတဲ့ နယ်စပ် တံတိုင်းကြီး တစ်ခု ပြိုကျသွားစေမှာ ဖြစ်ပါတယ်။ မြန်မာတွေဟာ ငွေကုန်ကြေးကျ သိပ်မခံရဘဲ တစ်ဘက်ထိုင်း နိုင်ငံထဲ သွားရောက် လည်ပတ်နိုင်မှာ ဖြစ်သလို အသိဉာဏ် မိုးကုတ်စက်ဝိုင်းကိုလည်း ချဲ့နိုင်ကြ မှာ ဖြစ်ပါတယ်။ နိုင်ငံတွင်း မြို့ကြီးတွေကနေ နယ်စပ်သွားတဲ့ အဝေးပြေး ကားလိုင်းလိုမျိုး ပေါ်ပေါက် လာပြီး နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်တွေ အများကြီး ပေါ်ပေါက် လာနိုင်ပါလိမ့်မယ်။

(လက်ရှိ အခြေအနေ နိုင်ငံတကာ ပြေးဆွဲတဲ့ လေကြောင်းလိုင်းထောင်ဖို့ ဆိုတာ မြန်မာစီးပွားရေးသမားတွေအတွက် ခက်ခဲတာမို့ ထိုင်းတွေကပဲ အသာစီးရနေတာ ဖြစ်ပါတယ်။) နောင် အာဆီယံ လမ်းမကြီးဆိုတာတွေ၊ ရထားလမ်းဆိုတာတွေ ပေါ်ပေါက်လာရင် လည်း ကြိုတင် ချိတ်ဆက်ထားပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒါဟာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူ ပြုစေနိုင် ပါတယ်။ မြန်မာတွေဟာ ရန်ကုန်က သက်ဆိုင်ရာ ထိုင်းသံရုံးကနေ ဗီဇာလျှောက်ထား ရယူပြီးမှ နယ်စပ်ဂိတ်ကနေ တရားဝင် ဝင်ထွက်မှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ အတွင်း မြန်မာတွေ အလုံးအရင်းနဲ့ ဝင်ရောက်မယ့်ကိစ္စ၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေအတွက်လည်း ထိုင်းဘက်က စိတ်ပူစရာ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ထိုင်းနဲ့ မြန်မာ လေကြောင်း ခရီးစဉ် တွေကနေ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရလာတာကတော့ ကောင်းတဲ့ လက္ခဏာပါ။ ဒါ့အပြင် ဗီဇာကိုင်ပြီး နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်တွေကနေ တရားဝင် ဝင်ထွက်ခွင့်ရအောင်လည်း ကြိုးစားပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags