မန်စီးတီးကိုနိုင်ပြီး ချန်ပီယံဖြစ်ဖို့ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ နောက်ဆုံးအခြေအနေ

မန်စီးတီးကိုနိုင်ပြီး ချန်ပီယံဖြစ်ဖို့ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ နောက်ဆုံးအခြေအနေ

ဧပြီ ၆၊ အင်္ဂလန် ။           ။ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ ရဲ့ ပွဲစဉ်တွေကို ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ကစားခဲ့ကြပါတယ်။

အဲ့ဒီပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချယ်လ်ဆီးတို့ဟာ ပြိုင်ဘက်အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ကစားပြီး ချန်ပီယံဆုကို ရယူနိုင်ဖို့ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို ဟက်ဇက်ကသွင်းယူပေးခဲ့ပြီး မန်စီးတီးအတွက် ချေပဂိုးကိုတော့ အဂူရိုက သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်းဟာ ရမှတ် ရ၂ မှတ်ရရှိထားပြီး ဒုတိယနေရာက စပါးအသင်းကို ရ မှတ်ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ မန်စီးတီးကတော့ ရမှတ် ၅၈ မှတ်နဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပါတယ်။

ဒီရှုံးပွဲဟာ မန်စီးတီးအတွက် ထိချက်နာတဲ့ ရှုံးပွဲဖြစ်ခဲ့သလို နည်းပြဂွါဒီယိုလာအတွက်လည်း သူ့ရဲ့နည်းပြဘဝမှာ အသင်းတစ်သင်းကို ရာသီတစ်ခုအတွင်း နှစ်ပွဲစလုံးရှုံးနိမ့်ရတဲ့ မှတ်တမ်းဆိုးရရှိသွားခဲ့ပါတယ်။

အမှတ်ပေးဇယားဒုတိယနေရာက စပါးကတော့ ဆွမ်ဆီးအသင်းကို ပွဲချိန် ၈၈ မိနစ်အထိ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပြီးမှ နောက်ကျဂိုးတွေသွင်းယူပြီး သုံးဂိုး တစ်ဂိုးနဲ့ နိုင်သွားခဲ့ပါတယ်။ စပါးအတွက် ချေပဂိုးကို ၈၈ မိနစ်မှာ ဒယ်လီအလီက သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ ဆွန်ဟောင်မင်နဲ့ အဲရစ်ဆင်တို့က မိနစ် ၉၀ နဲ့ နာကျင်အချိန်ပိုတွေမှာ သွင်းယူပေးခဲ့ကြပါတယ်။

စပါးတို့ဟာ ဒီနိုင်ပွဲကြောင့် ရမှတ် ၆၅ မှတ်ရရှိထားပြီး ချယ်လ်ဆီးကို အနီးကပ်ဆက်လက်ဖိအားပေးလျက်ရှိနေပါတယ်။

ဖိအားတွေအောက်ရောက်နေတဲ့ နည်းပြအာစင်ဝင်းဂါနဲ့ သူ့ရဲ့အသင်းကတော့ ဒီပွဲစဉ် ၃၁ မှာ ၀က်စ်ဟမ်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး အဆင့်ငါးနေရာကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို အိုဇေးလ်၊ ၀ဲလ်ကော့နဲ့ ဂီရော့ဒ်တို့က သွင်းယူပေးခဲ့ကြပါတယ်။ ပထမရက်က မန်ယူတို့ အဲဗာတန်နဲ့သရေကျခဲ့တာကြောင့် အာဆင်နယ်နဲ့ မန်ယူတို့ ၅၄ မှတ်စီရရှိထားကြပြီး ဂိုးကွာခြားချက်အရ အာဆင်နယ်က အဆင့်ငါးကို ပြန်ရောက်သွားတာ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ဘုန်းမောက်တို့ရဲ့ပွဲမှာတော့ လီဗာပူးလ်တို့ဟာ ပွဲချိန် ၈၇ မိနစ်အထိ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘုန်းမောက်တိုက်စစ်မှူး ဂျိုရှုအာကင်းက ၈၇ မိနစ်ရောက်မှ ချေပဂိုးသွင်းယူသွားလို့ ၂ ဂိုးစီသရေကျသွားခဲ့ရပါတယ်။ လီဗာပူးလ်တို့ ရရှိခဲ့တဲ့ဂိုးတွေကို ကော်တင်ဟိုနဲ့ အိုရီဂီတို့က သွင်းယူပေးခဲ့ကြပြီး ဘုန်းမောက်အတွက် အဖိုဘီနဲ့ ဂျိုရူအာကင်းတို့က ဂိုးသွင်းခဲ့ကြပါတယ်။ လီဗာပူးလ်တို့ ရမှတ် ၆၀ နဲ့ အဆင့်သုံးမှာ ဆက်လက်ရပ်တည်နေပေမယ့် ဒီသရေပွဲကြောင့် အဆင့်လေးတိုက်ပွဲက ပြင်းထန်လာတော့မှာ ဖြစ်ပါတယ်။

ပွဲစဉ် ၃၁ အပြီးမှာတော့ ချယ်လ်ဆီးက ပွဲ ၃၀ ကစားထားပြီး ရမှတ် ရ၂ မှတ်နဲ့ ထိပ်ဆုံးကဦးဆောင်နေပါတယ်။ စပါးအသင်းကလည်း ပွဲ ၃၀ ကစားထားပြီး ရမှတ် ၆၅ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

လီဗာပူးလ်ကတော့ ၃၁ ပွဲကစားထားပြီး ရမှတ် ၆၀ နဲ့ တတိယ၊ မန်စီးတီးက ပွဲ ၃၀ ကစားထားပြီး ၅၈ မှတ်နဲ့ စတုတ္ထ၊ အာဆင်နယ်က ၂၉ ပွဲကစားထားပြီး ၅၄ မှတ်နဲ့ ပဥ္စမ၊ မန်ယူက ၂၉ ပွဲကစားထားပြီး ၅၄ မှတ်နဲ့ ဆဋ္ဌမနေရာမှာ အသီးသီးရပ်တည်နေကြပါတယ်။

အဆင့် ၅ နဲ့ ၆ မှာ ရပ်တည်နေကြတဲ့ အာဆင်နယ်နဲ့ မန်ယူတို့ဟာ အဆင့် ၃နဲ့ ၄ က လီဗာပူးလ်၊ မန်စီးတီးတို့ထက် ပွဲတွေလျော့နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက ပြင်းထန်နေပြီ ဖြစ်ပါတယ်။

အမှတ်ပေးဇယားအောက်ဆုံးမှာတော့ ဆွမ်ဆီး၊ မစ်ဒယ်ဘရော့နဲ့ ဆန်းဒါးလန်းတို့ ရပ်တည်နေကြပါတယ်။ သူတို့ရဲ့အထက်မှာတော့ ဟားလ်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်၊ ၀က်စ်ဟမ်းတို့ ရပ်တည်နေကြပြီး တန်းမဆင်းကြရဖို့ကို အပြိုင်ရုန်းကန်နေကြရပါတယ်။

ဂိုးသွင်းအများဆုံးကစားသမား စာရင်းမှာတော့ အဲဗာတန်တိုက်စစ်မှူး လူကာကူက ၂၁ ဂိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး သူ့ရဲ့နောက်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ၁၉ ဂိုးနဲ့ ဒုတိယ၊ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်က ၁၈ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly