ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယဝန်ကြီးချုပ်နှင့်တွေ့ဆုံ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယဝန်ကြီးချုပ်နှင့်တွေ့ဆုံ
ဗိုလိချုပ်မှူးကြီးနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ ဇူလိုင် ၂၉ က နယူးဒေလီ၌ တွေ့ဆုံစဉ်။(photo - PIB Government of India)

ဇူလိုင် ၂၉ ရက် ။        ။ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်နေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၂၉ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် ရှရီ နရန်ဒရာ မိုဒီနှင့် နယူးဒေလီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အိန္ဒိယ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆွေးနွေးမှုကို အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း နှစ်နိုင်ငံအကြား စစ်ရေး၊ ကာကွယ်ရေးနှင့် ရေပြင်လုံခြုံရေးကိစ္စ များကို ပူးတွဲဆောင်ရွက်ကြမည်ဟု ဆိုသည်။

"နှစ်နိုင်ငံအကြား ရေပိုင်နက်လုံခြုံရေးအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် အလေးအနက် ထားကြောင်း ဗိုလ်ချုပ်မှူးကြီးက ကတိပြုသည်။ ထို့ပြင် အိန္ဒိိယ၏ အရှေ့မျှော်မူဝါဒနှင့် ပတ်သက်၍ အရေးကြီးသည့် အခန်းကဏ္ဍ၌ပါဝင်မည်" ဟု ပြောကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် အိန္ဒိယအတွက် အာဆီယံနိုင်ငံများသို့ ဆက်သွယ်ရန် အဓိကဂိတ်ပေါက် တခုဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ပြောဆိုသည်။

သမ္မတဦးသိန်းစိန်က ဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားကြောင်း ဗိုလ်ချုပ်မှူးကြီးက စကားပါးသကဲ့သို့ ဝန်ကြီးချုပ်ကလည်း အမြန်ဆုံး လာရောက်နိုင်ရန်ကြိုးစား မည်ဟုပြော ဆိုသည်။ ထို့ပြင် သမ္မတဦးသိန်းစိန်အား အိန္ဒိယသို့ လာလည်ရန် ဖိတ်ကြားကြောင်း စကားပါးလိုက်သည်။

နိုဝင်ဘာရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတစွာဖြင့် အောင်မြင်စွာကျင်းပနိုင်စေကြောင်း ဆန္ဒပြုလိုက်သေးသည်။

ဝန်ကြီးချုပ်နှင့် ဇူလိုင် ၂၉ တွင် မတွေ့ဆုံမီ ဗိုလ်ချုပ်မှူးကြီးဦးဆောင်သည့် ချစ်ကြည်ရေးအဖွဲ့သည် ဇူလိုင် ၂၈ ရက်က Delhi Cantoment ရှိ စစ်လက်နက်များထုတ်လုပ်သည့် Army Base Workshop သို့ သွားရောက်ခဲ့သေးသည်။ ထို့နောက် Information Management and Analysis Centre - IMAC Gurgaon သို့လည်း လေ့လာခဲ့သည်။ ပင်လယ်ရေကြောင်း လုံခြုံရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လည်း လေ့လာမှတ်သားခဲ့ကြသည်။

ခေတ္တတည်းခိုသည့် Taj Palace ဟိုတယ်၌ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့်ဇနီး၊ စစ်သံရုံးမှ စစ်သည်မိသားစုဝင်များ၊ သင်တန်းသားများအား တွေ့ဆုံသည်။

ယင်းနေ့ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိကြရာ သံအမတ်ကြီး ဦးအောင်ခင်စိုးနှင့်ဇနီးအပါအဝင် သံရုံးမှ တာဝန်ရှိသူများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။

Ref; PIB, Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly