ဘိုင်ယန်မြူးနစ်အသင်းသို့ ဗီဒယ် တရားဝင် ရောက်ရှိ

ဘိုင်ယန်မြူးနစ်အသင်းသို့ ဗီဒယ် တရားဝင် ရောက်ရှိ

ဇူလိုင် ၂၉၊ မြူးနစ်။ ။ ဂျူဗင်တပ်စ်အသင်းမှ ချီလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဗီဒယ်သည် ဘိုင်ယန်မြူးနစ်အသင်းသို့ တရားဝင်ရောက်ရှိသွားပြီဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဗီဒယ်သည် အင်္ဂါနေ့က ဘိုင်ယန်မြူးနစ်အသင်းတွင် ဆေးစစ်မှုခံယူခဲ့ပြီးနောက် လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်အသင်းက ဗီဒယ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်း ပေးချေခဲ့ရသည်။

စာချုပ်ချုပ်ဆိုပြီးနောက်တွင် ဗီဒယ်က 'ကျွန်တော် တကယ်ကို ပျော်ပါတယ်။ ဒါက ကျွန်တော့်ဘဝအတွက် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်တာပါပဲ။ ဘိုင်ယန်မှာ အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆုဖလားတွေ အများကြီးရအောင် ကူညီပေးချင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါပဲ' ဟု ပြောသည်။

ဗီဒယ်သည် ဘိုင်နယ်မြူးနစ်အသင်းတွင် ကျောနံပါတ် ၂၃ ဂျာစီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

ဗီဒယ်သည် လီဗာကူဆင်အသင်းတွင် လေးနှစ်ကြာကစားခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဂျူဗင်တပ်စ်အသင်း စီးရီးအေဖလား လေးနှစ်ဆက်တိုက်ရရှိခဲ့ခြင်းနှင့် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ရာတွင် ဗီဒယ်သည် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲတွင်လည်း ချီလီလက်ရွေးစင်အသင်းနှင့်အတူ ချန်ပီယံဆုဖလားကို ဆွတ်ခူးထားနိုင်သူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly