ပြည်သူတွေကိုယ်တိုင်က ကျွန်တော်တို့အပေါ်မှာ ယုံကြည်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ (SNLD)

ပြည်သူတွေကိုယ်တိုင်က ကျွန်တော်တို့အပေါ်မှာ ယုံကြည်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ (SNLD)
ဓာတ်ပုံ-စိုင်းကျော်ညွန့် ဖေ့ဘုတ်

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့  ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က နေရာ ရ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၆ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် SNLD ကို မဲပေးခဲ့တဲ့ ပြည်သူတွေမှာ အကြောက်တရားတွေ လွှမ်းမိုးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကလည်း ထွက်ပေါ်လာနေပါတယ်။  ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး SNLD တွဲဖက်အတွင်းရေးမှူး(၂) စိုင်းကျော်ညွန့်ကို မဇ္စျိမသတင်းထောက် ဇေယျာမော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ကြားဖြတ်ရွေးကောက်ပွဲမှာ ရ နေရာပြိုင်တာ ၆ နေရာတောင် အနိုင်ရတယ်ဆိုတော့ SNLD အနေနဲ့ စည်းရုံးရေးကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်မလား။

ဖြေ။    ။ စည်းရုံးရေးကာလစကတည်းက ကျွန်တော်တို့ အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေရော နောက်ပြီးတော့ ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ တခြားမြို့က ပါတီ EC တွေရော ၀ိုင်းဝန်းကူညီခဲ့တဲ့အတွက်ကြောင့်မို့လို့ ပြောရမယ်ဆိုရင်တော့ အင်တိုက်အားတိုက်လုပ်ခဲ့တဲ့ သဘောပေ့ါလေ။

မေး။    ။ အဲ့ဒီ ဒေသတွေက ပဋိပက္ခဖြစ်နေတဲ့နေရာဆိုတော့ မဲဆွယ်စည်းရုံးရာမှာ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။    ။ မဲဆွယ်စည်းရုံးရတာတော့ အဆင်ပြေပါတယ်။ အဲ့ဒီဒေသတွေကလည်း ကျွန်တော်တို့ရဲ့ စည်းရုံးရေး နယ်မြေတွေလည်းဖြစ်နေတယ်လေ။ နောက်ပြီးတော့ အဲ့ဒေသမှာရှိတဲ့ ရှမ်းလက်နက်ကိုင်ကလည်း သူတို့က စာထုတ်ထားတယ်လေ။ ၀မ်ဟိုင်းနယ်မြေမှာလာရောက်ပြီးတော့ မဲဆွယ်လို့ရတယ်ဆိုပြီးတော့ ကျွန်တော်တို့က အကုန်သွားတာပဲ။ ဘာအခက်အခဲမှ မရှိဘူး၊ ဟိုဘက်ဒီဘက်တားတာဆီးတာမရှိဘူး။ တပ်မတော်ဘက်ကရော၊တိုင်းရင်းသား လက်နက်ကိုင်ဘက်ကရော တားတာဆီးတာမရှိဘူး။ ကျွန်တော်တို့လွတ်လွတ်လပ်လပ်သွားလို့ရပါတယ်။

မေး။    ။ ရှမ်းပြည်က အခုဆိုရင် ပဋိပက္ခတွေတိုက်ပွဲတွေရှိနေတယ် ။ဆိုတော့ SNLD အနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဘယ်လောက်ထိဆောင်ရွက်ပေးနိုင်မလဲ။

ဖြေ။    ။ ဘယ်လောက်ထိဆောင်ရွက်ပေးနိုင်မလဲဆိုတော့ ကျွန်တော်တို့လုပ်ပိုင်ခွင့်ဘယ်လောက်ရှိလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့လုပ်ပိုင်ခွင့်ရှိသလောက် လုပ်နိုင်သလောက်တော့ အတတ်နိုင်ဆုံး လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပူးပေါင်းပါ၀င်သွားဖို့ရှိပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်တယ်ဆိုတဲ့အခါမှာ အစိုးရက အဓိက အကျဆုံးပါ။ အဲ့တော့ ဒီလိုပဲ အားလုံး ၀ိုင်းဝန်းပူးပေါင်းပြီး လုပ်ဆောင်ရမှာပေါ့လေ။

မေး။    ။ ရွေးကောက်ပွဲမှာ အနိုင်ရပြီးဆိုတော့ အခုအနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေကို ပါတီက ဘယ်လိုလုပ်ပေးပါ ဆိုပြီး မူဝါဒချထားပေးတာရှိလား။

ဖြေ။    ။ ကျွန်တေ်ာတို့ပါတီ မူဝါဒကဖြင့် အဓိက က ငြိမ်းချမ်းရေးပေါ့လေ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပေါ့လေ။ အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့် အဲ့ဒီအပေါ်မှာပဲ အခြေတည်ပြီးတော့ ပါတီရဲ့ မူဝါဒတွေကို ဖော်ဆောင်နေတာလည်း ဖြစ်တယ်ပေါ့။ အဲ့တော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များတင်မကပါဘူး။ ကျွန်တော်တို့ ပါတီဝင်များကလည်း ကျွန်တော်တို့ရဲ့ မူဝါဒအတိုင်းပဲ သွားမှာဖြစ်ပါတယ်။

မေး။    ။ အခု ရွေးကောက်ပွဲမှာ SNLD ၀င်ပြိုင်တဲ့ နယ်မြေတွေမှာ  မငြိမ်းချမ်းသေးဘူး။ ဆိုတော့ SNLD ကို မဲပေးကြတဲ့ ပြည်သူတွေက အကြောက်တရားလွှမ်းမိုးပြီး မဲပေးခဲ့တယ် ဆိုတဲ့ဝေဖန်မှုတွေ ရှိနေကြတယ်။ အဲ့ဒါ ဖြစ်နိုင်လား။

ဖြေ။    ။ စည်းရုံးရေးဆိုတာ ဒီအတိုင်းပါပဲ။ နေရင်းထိုင်ရင်းနဲ့တော့ လူတစ်ယောက်ကို အတင်းအဓမ္မ သွားလုပ်လို့ မရပါဘူး။ ဒီအဖွဲ့ကိုပဲ မဲပေးပါ။ ဟိုအဖွဲ့ကိုမဲပေးပါဆိုတာက လုပ်ဖို့မလွယ်ပါဘူး။ ပြည်သူတွေကိုယ်တိုင်က ကျွန်တော်တို့အပေါ်မှာ ယုံကြည်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီ မိုင်းရှုး နဲ့ ကျေးသီးက အမှန်အတိုင်းဆိုရင် ကျွန်တော်တို့ရဲ့ စည်းရုံးရေးနယ်မြေတွေလည်းဖြစ်တယ်။ ကျွန်တော်တို့ ကျားခေါင်း SNLD ကို အရမ်းကို ထောက်ခံတဲ့ နယ်မြေတွေဖြစ်တယ်။

မေး။    ။ လက်ရှိအနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေကို အစိုးရနဲ့ ပူးတွဲလုပ်ဆောင်ပေးဖို့ ပါတီက ညွှန်ကြားထားတယ်ဆိုပြီး ကြားတယ်။ အဲ့ဒါ ဘယ်လိုအခြေအနေမျိုးလဲ။

ဖြေ။    ။ အဲ့ဒါက အခုမှထုတ်တဲ့ညွှန်ကြားချက်မဟုတ်ပါဘူး။ ဒီအစိုးရ စတက်ကာစကတည်းက ကျွန်တော်တို့လည်း ဒီ NLD မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီးတော့ ညွှန်ကြားချက်ထုတ်ထားတာပေါ့နော်။ အခုမှ ထုတ်တာမဟုတ်ပါဘူး။ ၂၀၁၅ ကတည်းက ထုတ်ထားတာပါ။

မေး။    ။ ဖြည့်စွက်ပြောချင်တာမျိုး ရှိသေးလား။

ဖြေ။    ။ ငြိမ်းချမ်းရေးကိစ္စမှာ အစိုးရအနေနဲ့ တွန်းတွန်းတိုက်တိုက်လုပ်စေချင်တယ်။ နောက်ပြီးတော့ အစိုးရရဲ့ ဒီမိုကရေစီမဟာမိတ်အင်အားစုတွေအများကြီးရှိပါတယ်။ ဒီအပေါ်မှာလည်း ပြန်လည်သုံးသပ်ပြီးတော့ ကိုယ့်မဟာမိတ်တွေ နဲ့ အတူ အလုပ်လုပ်ပါလို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required