စီရော်နယ်ဒိုရဲ့မန်ယူကစားသမားဘဝကို အမှတ်တရဂုဏ်ပြုထားတဲ့ NIKE ဖိနပ်အသစ်

စီရော်နယ်ဒိုရဲ့မန်ယူကစားသမားဘဝကို အမှတ်တရဂုဏ်ပြုထားတဲ့ NIKE ဖိနပ်အသစ်

ဧပြီ ၄၊ စပိန် ။               ။ အမေရိကန်အားကစားကုမ္ပဏီ NIKE က စီရော်နယ်ဒိုရဲ့ မန်ယူကစားသမားဘဝကို အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ NIKE MERCURIAL CR7 CHAPTER 4: FORGED FOR GREATNESS ဆိုတဲ့ ဖိနပ်အသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ သူ့ရဲ့ငယ်မွေးခြံပေါက်ကလပ် စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ယူကို ၂၀၀၃ ခုနှစ်က ပြောင်းရွှေ့လာခဲ့တာပါ။ စပို့တင်းမှာ ကျောနံပါတ် ၂၈ ကို ၀တ်ဆင်ခဲ့တာဖြစ်ပေမယ့် မန်ယူအသင်းကို ရောက်ရှိချိန်မှာ နည်းပြဖာဂူဆန်က သူ့ကို ဂန္ထဝင်ကျောနံပါတ် ရ ကို ၀တ်ဆင်စေခဲ့ပါတယ်။ မန်ယူမှာ ကျောနံပါတ် ရ ကို ဂျော့ဘတ်၊ ကန်တိုနာနဲ့ ဒေးဗစ်ဘက်ခမ်တို့လို ကမ္ဘာကျော်ကစားသမားတွေ ၀တ်ဆင်ခဲ့တာဖြစ်လို့ စီရေ်ာနယ်ဒိုအနေနဲ့ အံ့အားသင့်ခဲ့ရပေမယ့် အဲ့ဒီစိန်ခေါ်မှုကို နှစ်သက်စွာလက်ခံခဲ့တယ်လို့ စီရော်နယ်ဒိုက ဆိုခဲ့ပါတယ်။

ပြီးတော့ စီရော်နယ်ဒိုက ဖာဂူဆန်ဟာ သူ့ရဲ့ဖခင်တစ်ဦးလိုပဲ အရာရာကို သင်ကြားပေးခဲ့သူလို့ အမှတ်တရ ကျေးဇူးစကားဆိုပါတယ်။

‘အင်္ဂလန်ကိုသွားဖို့ စပို့တင်းလစ္စဘွန်းကို စွန့်ခွာခဲ့ရတဲ့အချိန်ကို မှတ်မိနေတယ်။ ဖာဂူဆန်က မင်းကိုငါ နံပါတ် ရ ၀တ်စေချင်တယ်လို့ ပြောတော့ တော်တော်လေး အံ့သြခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူမှာ နံပါတ် ရ ကို ဘယ်လိုကစားသမားမျိုးတွေဝတ်ကြတယ်ဆိုတာ ကျွန်တော်သိတယ်လေ။ ဒါပေမဲ့ ဒီစိန်ခေါ်မှုကို ကျွန်တော်လက်ခံခဲ့ပါတယ်။ အဲ့ဒါက တကယ်ကို မိုက်တယ်။

အဲ့ဒါက ကျွန်တော့်အောင်မြင်မှုတွေရဲ့အစလည်း ဖြစ်တယ်။ ကျွန်တော့်ကစားသမားဘဝမှာ အလှပဆုံးအချိန်အခိုက်အတန့် တစ်ခုလည်းဆိုလို့ရပါတယ်။

ဖာဂူဆန်က ဘောလုံးလောကမှာတော့ ကျွန်တော့်အတွက် ဖခင်တစ်ယောက်လိုပါပဲ။ သူ့ဆီကနေ အများကြီးသင်ယူခွင့်ရရှိခဲ့တယ်။ မန်ယူမှာ အများကြီးတိုးတက်လာခဲ့တယ်။   ဘောလုံးကျွမ်းကျင်မှု အပိုင်းတစ်ခုတည်းမှာတင် မဟုတ်ပါဘူး။ ခန္ဓာကိုယ်လည်း အများကြီး ဖွံ့ဖြိုးလာခဲ့တယ်။

မန်ယူမှာ ငါးနှစ်အတွင်း ဘောလုံးအားကစားရဲ့ အနုပညာမြောက်မှုကို သင်ယူနိုင်ခဲ့တယ်။ အဲ့ဒါတွေက ကျွန်တော့်အတွက် အိပ်မက်တွေပါပဲ’ လို့ စီရော်နယ်ဒိုက ဆိုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ စီရော်နယ်ဒိုဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ မန်ယူကနေ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရီးယဲလ်မှာ ပိုမိုတိုးတက်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်လာပြီး အောင်မြင်မှုတွေလည်း အများအပြား ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အခုထုတ်လုပ်လိုက်တဲ့ ဖိနပ်က စီရော်နယ်ဒိုရဲ့အောင်မြင်မှုတွေစတင်နိုင်ခဲ့တဲ့ မန်ယူကစားသမားဘဝကို အမှတ်တရဂုဏ်ပြုခြင်းဖြစ်သလို စပို့တင်းလစ္စဘွန်းမှာ ကျောနံပါတ် ၂၈ ၀တ်ဆင်ပြီး မန်ယူကိုရောက်ချိန်မှာ ကျောနံပါတ် ရ ကို ၀တ်ဆင်ခွင့်ရခြင်းအတွက် အမှတ်တရဂုဏ်ပြုတာဖြစ်ပါတယ်။

ဒါကြောင့် ဖိနပ်ရဲ့ နောက်ဖက်(ဖနောင့်)ဖက်ပိုင်းမှာ XXVIII နဲ့ VII ဆိုတဲ့ အမှတ်အသားတွေကို ဒီဇိုင်းဖော်ထားတာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ မန်ယူအသင်းအတွက် ၂၉၂ ပွဲကစားပေးခဲ့ပြီး ၁၁၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။ မန်ယူနဲ့အတူ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားသုံးလုံး ရယူနိုင်ခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required