ကုလ အထူးသံတမန် မင်းသမီးဂျိုလီ သမ္မတအပါအဝင် အစိုးရအဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံ

ကုလ အထူးသံတမန် မင်းသမီးဂျိုလီ သမ္မတအပါအဝင် အစိုးရအဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံ

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို လေ့လာပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး အားပေးလှုံ့ဆော်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် UNHCR ၏ အထူးသံတမန် ကမ္ဘာကျော် မင်းသမီး အင်ဂျလီနာဂျိုလီက ဇူလိုင် ၂၉ရက်တွင် သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့များ နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ 

ဂျိုလီသည် နေပြည်တော်၌ သမ္မတဦးသိန်စိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ ယင်းအပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့်လည်း တွေ့ဆုံခဲ့သေးသည်။ အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ 

အင်ဂျလီနာဂျိုလီသည် မြန်မာနိုင်ငံတွင် လေးရက်ကြာ နေထိုင်မည်ဖြစ်ပြီး ၎င်း၏ ခရီးစဉ်တွင် နိုင်ငံတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအရေးနှင့် နိုင်ငံအတွက် လိုအပ်သည့် အကူအညီများအတွက် လာရောက်ခြင်းဖြစ်သည်။ ယခုခရီးစဉ်သည် ၎င်း၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။

လိင်အကြမ်းဖက်မှုတားဆီးရေး ပူးတွဲတည်ထောင်သူအဖြစ်လည်းကောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးကိုယ်စားလှယ်အဖြစ်လည်းကောင်း ဆိုင်ရာနယ်မြေများအလိုက် လုပ်ငန်းများ လုပ်ဆောင်ပေးရန် မြန်မာနိုင်ငံသို့ အင်ဂျလီနာဂျိုလီ လာရောက်လည်ပတ်ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့နှင့် တွေ့ဆုံရန်ရှိသည်။ ယင်းအပြင် လူ့အခွင့်အရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသော ဒေသခံများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် အမျိုးသမီးအခွင့်အရေး၊ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးရေး လုပ်ငန်းများကို လုပ်ကိုင်ပေးနေသည့် အဖွဲ့များနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ 

"အမျိုးသမီးအသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းအပင်းတွေ၊ နေရပ်ပြောင်းရွှေ့နေထိုင်ရသူတွေနဲ့ လူငယ်တွေ စသဖြင့် လူအများနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ သူတို့ရဲ့ အခက်အခဲတွေ၊ စိုးရိမ်မှုတွေနဲ့ ကိုယ့်နိုင်ငံအတွက် အနာဂတ်မျှော်လင့်ချက်တွေကိုလည်း ကျွန်မ တွေ့ဆုံနားထောင်လိုပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲတွေက ပြည်သူတွေအတွက် အရေးကြီးပါတယ်။ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးအတွက်လည်းဖြစ်ပြီး ငြိမ်းချမ်းတဲ့အနာဂတ်တည်ဆောက်ရာမှာလည်း အရေးပါတယ် ရွေးကောက်ပွဲဖြစ်ပါတယ်"ဟု ဂျိုလီက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ 

အင်ဂျလီနာဂျိုလီက ၂၀၀၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်စခန်းကို ပထမဆုံး လည်ပတ်ခဲ့သည်။ 

ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။ 

၂၀၁၄ ခုနှစ်က လန်ဒန်တွင်ကျင်းပသည့် ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှုများချုပ်ငြိမ်းရေးဆိုင်ရာ ကမ္ဘာ့ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဂျလီနာဂျိုလီတို့ ပထမဆုံး တွေ့ဆုံခဲ့ပြီး နောက်ပိုင်း အဆက်အသွယ်မပြတ်ရှိနေသည်။

ဂျိုလီသည် မြန်မာနိုင်ငံသို့ ကမ္ဘောဒီးယားခရီးစဉ်အပြီး ရောက်ရှိလာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားတွင် ကျန်းမာရေး၊ ပညာရေးနှင့်  Maddox Jolie-Pitt Foundation မှ ရန်ပုံငွေတည်ထောင်သည့် စီမံကိန်းများသို့ သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံတွင်း ဒုက္ခခံနှစ်များအတွင်း ကလေးငယ်များ ရင်ဆိုင်ကြုံတွေ့ရသည့် အတွေ့အကြုံများကို အခြေခံဇာတ်အိမ်တည်ပြီး ရိုက်ကူးမည့်ရုပ်ရှင်ကားအတွက်လည်း လေ့လာပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required