ဆရာမကြီးဂျာနယ်ကျော်မမလေး၏ နှစ်၁၀၀ပြည့် အခမ်းအနား ပြပွဲပြုလုပ်

ဆရာမကြီးဂျာနယ်ကျော်မမလေး၏ နှစ်၁၀၀ပြည့် အခမ်းအနား ပြပွဲပြုလုပ်

ရန်ကုန်၊ ဧပြီ ၃ ။             ။ ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်ခန်းမတွင် ကျင်းပနေသည်။

အဆိုပါအခမ်းအနားကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပနေခြင်းဖြစ်ပြီး အခမ်းအနားကျင်းပဖြစ်ပုံနှင့် ပတ်သက်ပြီး ဆရာမကြီး၏ မြေးတစ်ဦးဖြစ်သည့် ဆရာ ဦးသိမ်းစိုးမှ မဇ္ဈိမကို အခုလိုပြောသည်။

“ဒါကတော့ ကျွန်တော်တို့က ကျန်ရစ်သူမိသားစုတွေအနေနဲ့ မဖြစ်မနေလုပ်ရမယ့် ဝတ္တရားရှိတာနဲ့အညီ လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် သာမန်နှစ်တစ်ရာပြည့်တဲ့ ပုံမဟုတ်ဘဲနဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်း စာပေနယ်ထဲမှာ ဆက်လက် ရပ်တည်နေထိုင်သူတွေ ဖြစ်တဲ့အတွက် ဒီကျေးဇူးကိုဆပ်တဲ့အနေနဲ့ အခြားအစီအစဉ်တွေပါ ထည့်သွင်းပြီးတော့ ကျင်းပရခြင်းဖြစ်ပါတယ်။” ဟု ဆရာဦးသိမ်းစိုးမှပြောသည်။

ဆရာမကြီးနှင့် ပတ်သက်သည့် အမှတ်တရများကိုလည်း ဆရာဦးသိမ်းစိုးက “ကျွန်တော်ကတော့ ၁၇ နှစ်လုံး အတူနေခဲ့ပြီးတော့ အမေတစ်ယောက်လိုပါပဲ။ ကျွန်တော် ၆ လသားကတည်းက သူ့လက်ပေါ်မှာကြီးပြီးတော့ ဆုံးတဲ့အထိ အတူနေတာဖြစ်တဲ့အတွက် ကျွန်တော်ခေါ်တာလည်း အမေပဲခေါ်တယ်။ သူကလည်း သားပဲခေါ်တယ်။ အဲဒီတော့ ကျွန်တော့်ဘဝမှာ အမေတစ်ယောက် ဆုံးရှံုးရသလိုပဲ။ ကျွန်တော့်ဘဝမှာ အမြဲတမ်း ကျွန်တော့် အဖေရင်း အမေရင်းထက်တောင် ဒီအဖွားဟာ ကျွန်တော့်အမေပေါ့နော်။ ကျွန်တော့်တစ်ဘဝလုံးအတွက်က သူ့လောက်အရေးကြီးတာ သူ့လောက် ကျွန်တော် တန်ဖိုးထားတာ သူ့လောက်ချစ်ခင်တာမရှိပါဘူး။ ဒါကျွန်တော် မှန်သောသစ္စာစကား ပြောတာပါ။” ဟု မဇ္ဈိမကိုပြောသည်။

အခမ်းအနားတွင် ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ စာအုပ်များ၊ ဓာတ်ပုံများ၊ ဆရာမကြီး၏ ဝတ္ထုမှတ်တမ်းရုပ်ရှင်များ၊ မြန်မာစာရေးဆရာ ဆရာမများ၏ ပုံတူပန်းချီနှင့် ဓာတ်ပုံပေါင်း ၃၀၀ကျော်တို့ကို ခင်းကျင်းပြသထားသည်။ စာဖတ်သူများအတွက် စာအုပ်တိုက်များစွာမှလည်း အထူးနှုန်းဖြင့် စာအုပ်များရောင်းချပေးနေသည်။

ဧပြီလ ၃ ရက်နေ့ နေ့လည် တစ်နာရီတွင်လည်း ဆရာမကြီး ဂျာနယ်ကျော်မမလေးနှင့် ပတ်သက်သည့် အမှတ်တရများကို ဘဘဘိုကလေးတင့်အောင်၊ ဒါရိုက်တာကြည်စိုးထွန်း၊ အကယ်ဒမီမျိုးသန္တာထွန်းနှင့် အခြားသော ဆရာ၊ ဆရာမများမှ ဟောပြောပေးသည်ဟုသိရသည်။ ဂျာနယ်ကျော်မမလေး၏ ကလောင်ခွဲများမှာ ရဝေလှိုင်၊ လှတခိုင်၊ ဘိုကလေးမတင်လှိုင် တို့ဖြစ်ပြီး တိုင်းရင်းဆေးပညာရှင် အဖြစ်လည်း ထင်ရှားသည်။ ဆရာမကြီးကို ၁၉၁၇ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး ၁၉၈၂ ဧပြီလ ၆ ရက်နေ့တွင် ကွယ်လွန်ခဲ့ကာ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required