ရီးယဲလ်သို့ပြောင်းမည့်အကြောင်းကို မေ့ပစ်ရန် ဟာဇက်ကို ကွန်တီတိုက်တွန်း

ရီးယဲလ်သို့ပြောင်းမည့်အကြောင်းကို မေ့ပစ်ရန် ဟာဇက်ကို ကွန်တီတိုက်တွန်း

ဧပြီ ၁၊ လန်ဒန်။            ။ ချယ်လ်ဆီးနည်းပြကွန်တီသည် ဟာဇက်ကို ရီးယဲလ်မက်ဒရစ်သို့ပြောင်းရန်ကိစ္စကိုမေ့ပစ်ရန် ပြောဆိုခဲ့ပြီး ၎င်း၏ ချယ်လ်ဆီး အနာဂါတ်နှင့်ပတ်သက်၍လည်း အရိပ်အမြွက်ထုတ်ပြောခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဟာဇက်ကို နွေရာသီတွင် ခေါ်ယူရန် နံပါတ်တစ် ပစ်မှတ်ထားနေပြီး ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ အပြင် မိုရာတာကိုပါအလိုက်ပေးရန်ရှိနေသည်။

သို့သော် ကာလရှည်စီမံကိန်းနှင့်ပတ်သက်ပြီးထုတ်ပြောလေ့မရှိသည့် ကွန်တီက အသင်းကိုကောင်းမွန်စွာတည်ဆောက်နေပြီး ဥရောပထိပ်သီး ပြန်ဖြစ်လာရန် အဆင်သင့်ဖြစ်နေပြီဟု ပြောသည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်း၏ စိတ်ဝင်စားမှုမှ ကာကွယ်ရန် ဟာဇက်ကို တစ်ပတ်ပေါင် ၃ သိန်းတန် စာချုပ်သစ်ကမ်းလှမ်းမည်ဖြစ်ပြီး ဆက်လက်ထိန်းသိမ်းထားရန် အင်အားရှိသည်ဟုလည်း ကွန်တီက ပြောသည်။

“ဒီလိုအခြေအနေမှာ ကစားသမားရဲ့သဘောဆန္ဒက သိပ်အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကစားသမားတစ်ယောက် အနေနဲ့ ပျော်နေမယ်။ ပြီးတော့ ရည်မှန်းချက်ကောင်းတဲ့ အသင်းကောင်းတစ်သင်းမှာကစားမယ်လို့နားလည်ထားတယ်ဆိုရင် ဘာပြဿနာမှ မြင်ရမှာမဟုတ်ပါဘူး။

ကျွန်တော်တို့လည်း အသင်းကောင်းတစ်သင်းပုံစံရနေပါပြီ။ အနာဂါတ်အတွက် ကောင်းတာတစ်ချို့ကိုစလုပ်နေပြီ။ ပြီးတော့ ကလပ်ရဲ့ ရည်မှန်းချက်က ကျွန်တော်နဲ့ ကျွန်တော့်ကစားသမားတွေနဲ့ ထပ်တူပါပဲ။

ပြိုင်ပွဲထဲမှာနိုင်လိုစိတ်ပြင်းပြဖို့၊ အနာဂါတ်မှာ နိုင်လိုစိတ်ပြင်းပြဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ သင့်တော်တဲ့နေရာကို ရောက်နေတာလို့ ပြောချင်ပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာပြိုင်ရဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု ကွန်တီကဆိုသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required