အမ်းမြို့ပေါ် ရပ်ကွက်များတွင် ANP အနိုင်ရမည်ဟု မဲဆန္ဒရှင်များ မျှော်လင့်

အမ်းမြို့ပေါ် ရပ်ကွက်များတွင် ANP အနိုင်ရမည်ဟု မဲဆန္ဒရှင်များ မျှော်လင့်
Photo - CJ

အမ်း၊ ဧပြီ ၁ ရက်။           ။ ယနေ့ ကျင်းပပြုလုပ်လျှက်ရှိသည့် အမ်းမြို့ ကြားဖြတ်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ NLD ကို အနိုင်ရရှိမည်ဟု မျှော်လင့်ထားခဲ့ကြသော်လည်း လက်ရှိတွင် အမ်းမြို့ပေါ်ရပ်ကွက်များရှိ မဲရုံများတွင် ANP ပါတီကိုသာ မဲပေးသူ များပြားနေသည့်အတွက် ဒေါက်တာအေးမောင် အနိုင်ရနိုင်မည်ဟု မဲဆန္ဒရှင်များ မျှော်လင့်နေကြကြောင်း သိရသည်။

အမ်းမြို့မဲဆန္ဒနယ်မှာ တခြားမြို့နယ်များကဲ့သို့ ပါတီတစ်ခုတည်းကြီးစိုးနေခြင်းမဟုတ်ဘဲ ထောက်ခံသူများမှာ ဒေသ အလိုက်ကွဲပြားသည့် မဲဆန္ဒနယ်မြေတစ်ခုဖြစ်သည့်အတွက် ကြိုတင်ခန့်မှန်းရန်ခက်ခဲသည့်မဲဆန္ဒနယ်မြေတစ်ခုလည်း ဖြစ်ကြောင်းသိရသည်။

“မဲပေးရမှာက ကျွန်မတို့တာဝန်ပါ။ ပေးရမှာပေါ့။ စိတ်မဝင်စားတဲ့သူတွေလဲ ရှိပါတယ်။ ကျွန်မကတော့ ANP ပါတီကိုပေး ပါတယ်။ ဒေါက်တာအေးမောင်ကို ရွေးချယ်ခဲ့တဲ့သူတွေတော့ များနေပါတယ်။ အနိုင်ရလိမ့်မယ်လို့လည်း မျှော်လင့်ပါ တယ်”ဟု အောက်ရွာရပ်ကွက်မှ မတင်တင်ဝင်းက ပြောသည်။

အမ်းမြို့မဲဆန္ဒနယ်မြေအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် မြောက်ပိုင်းဒေသတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အားကောင်းခဲ့ပြီး တောင်ပိုင်းဒေသတွင် ရခိုင်အမျိုးသားပါတီ အားကောင်းခဲ့ကာ လက်ရှိတွင်မြို့ပေါ်ရပ်ကွက်များ၌ ဒေါက်တာအေးမောင်ကို မဲပေးသူ များပြားနိုင်ချေရှိိကြေင်း မဲဆန္ဒရှင်များက ခန့်မှန်းကြသည်။

“လောလောဆယ်တော့ တိိတိကျကျပြောဖို့ ခက်ပါတယ်။ ဘယ်သူနိုင်မလဲဆိုတာကို ခန့်မှန်းဖို့ မလွယ်ဘူး ဖြစ်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မဲပေးတာမတူဘူး။ NLD ကို ပေးတဲ့သူတွေရှိသလို ကြံ့ခိုင်ရေးပါတီကိုလည်း ပေးသူတွေ များပါတယ်”ဟု အောက်ရွာရပ်ကွက် မဲရုံတွင် မဲပေးရန်ရောက်ရှိလာခဲ့သည့် မဲဆန္ဒရှင် မဦးစောယဉ်က ပြောသည်။

အမ်းမြို့နယ်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကိုးသောင်းကျော်ရှိကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ နယ်မြေတစ်ခု လည်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ယခုယှဉ်ပြိုင်နေကြသည့် ပြည်သူ့လွှတ်တော်နေရာကို ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required