ကြားဖြတ်ရွေးကောက်ပွဲ လူစိတ်ဝင်စားမှု လျော့ကျဆိုသော်လည်း လာရောက်မဲပေးသူများရှိနေ

ကြားဖြတ်ရွေးကောက်ပွဲ လူစိတ်ဝင်စားမှု လျော့ကျဆိုသော်လည်း လာရောက်မဲပေးသူများရှိနေ

ရန်ကုန်  ဧပြီ ၁ ။          ။ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူများ စိတ်ပါဝင်စားမှု အားနည်းနေသည်ဟု ဝေဖန်မှုများရှိနေပေမယ့် ရွေးကောက်ပွဲနေ့တွင် ပြည်သူများ လာရောက်မဲပေးခဲ့သည်ကို   တွေ့မြင်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမှတ်(၆) မဲဆန္ဒနယ်၌ မဇ္ဈိမကသတင်းရယူနေစဉ် ပြည်သူများက မဲရုံ စတင်ဖွင့်လှစ်ချိန်မှစပြီး လာရောက်မဲပေးခဲ့သည်။

ထို့အပြင် အဆိုပါမဲဆန္ဒနယ်အတွင်းပါရှိသည့် ကြည့်မြင်တိုင်မြို့နယ် မကျည်းကန်တောင်အရှေ့ရပ်ကွက် မဲရုံ အမှတ် (၂) တွင်  မဲရုံဖွင့်လှစ်ပြီး သုံးနာရီနည်းပါးခန့်ကြာမြင့်ချိန်၌ ဆန္ဒမဲပေးခွင့်ရှိသူ ၅၁၂ ဦး ရှိသည့်အနက် ၁၀၀ ကျော်ခန့်သည် လာရောက် မဲပေးပြီးဖြစ်သည်ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲတစ်ဦးက ဆိုသည်။

အဆိုပါ မဲရုံသည် မသန်စွမ်းများပါ အကျုံးဝင်သည့်မဲရုံ တစ်ရုံ ဖြစ်ပြီး စံပြမဲရုံအဖြစ် ထားရှိထားသည်။

"ကိုယ်တွေဖြစ်စေချင်တဲ့အရာဖြစ်အောင် အဓိကကတော့ မသန်စွမ်းတွေအတွက်ဖြစ်အောင်လုပ်စေချင်တယ်။ဒီကနေ အနိုင်ရသွားမယ့် ကိုယ်စားလှယ်အသစ်ကိုလည်း ကျွန်တော်တို့ မသန်စွမ်းတွေအတွက် အများကြီး လုပ်ပေးနိုင်ပါစေလို့ မျှော်လင့်ပြီး မဲလာပေးဖြစ်တာပါ" ဟု အမြင်အာရုံ မသန်စွမ်းသူမဲဆန္ဒရှင်တစ်ဦး ဖြစ်သည့် ကိုချမ်းမြေ့အောင်ကဆိုသည်။

အဆိုပါ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၆) နေရာအတွက်  ဦးခင်မောင်ရည်(ခ)ခိုင်မောင်ရည် (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)၊  ဦးခင်မောင်အေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ၊ ဒေါ်နီလာအုန်း (ခ) ဒေါ်ထိုက်အိန္ဒြေဦး (တစ်သီးပုဂ္ဂလ) ၊ဒေါက်တာမောင်မောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ၊ ဦးမြင့်ကြည်(ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ ဦးသက်ထွန်း (အမျိုးသားတိုးတက်ရေးပါတီ) တို့မှ  ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly