မန္တလေး လမ်းလျှောက်သင်္ကြန်တွင် စတုဒီသာမဏ္ဍပ်များ အခမဲ့ ခွင်​့ပြုမည်

မန္တလေး လမ်းလျှောက်သင်္ကြန်တွင် စတုဒီသာမဏ္ဍပ်များ အခမဲ့ ခွင်​့ပြုမည်

မန္တလေး၊ မတ်လ ၃၁ ။                   ။ မြန်မာ့ရိုးရာရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန်တွင် စတုဒီတာမဏ္ဍပ်များ အခမဲ့ ခွင့်ပြုသွားမည် ဖြစ်ပြီး ရေကစားမဏ္ဍပ်၊နေရာ နှင့် မိသားစုအစီအစဉ်ဖြင့် ရေပက်လိုသူများက မတ်လ၂၉ ရက်မှ စတင်၍ မြို့တော်စည်ပင်ရုံး၊ အခွန်ဌာနသို့ လျှောက်ထားနိုင်မည်ဟု သိရသည်။

မန္တလေးလမ်းလျှောက်သင်္ကြန် ကျင်းပမည့် ၂၆လမ်း၊  အာဇာနည်လမ်းတွင် ရေကစားမဏ္ဍပ်များ နေရာချထားပေးမည်ဖြစ်ရာ ရေကစားလိုသူများအနေဖြင့် မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် အလှူငွေ ဆယ်သိန်း ထည့်ဝင်ရမည် ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က သူ့လူမှုကွန်ရက်အကောင့်တွင် မတ်လ ၃၀ ရက်က ရေးသားထားသည်။ စတုဒီတာမဏ္ဍပ်များ အခမဲ့ ခွင်​့ပြုမည်​ဖြစ်​​ကြောင်းလည်း သိရသည်။

ရေကစားမဏ္ဍပ်အား (၁၂)ပေ × ပေ(၃၀) အရွယ်ခွင့်ပြုပေးမည်ဖြစ်ရာ လျှောက်လွှာများအား မတ်လ ၂၉ရက်နေ့ မှ ဧပြီလ ၆ ရက် မတိုင်ခင် ရုံးချိန်အတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနတွင် တင်သွင်းလျှောက်ထားနိုင်မည်ဖြစ်ပြီး မဏ္ဍပ်ဆောက်လုပ် ရေကစားချင်သူများ အခက်အခဲမရှိစေရန် လျှောက်လွှာတင်သည့်နေ့တွင် နေရာရွေးချယ်၍ ချက်ချင်း စတင်ဆောက်လုပ်   နိုင်မည်ဖြစ်သည်။

လမ်းလျှောက်သင်္ကြန်မှာ ပေ ၃၀ အကျယ်ရှိသည့် ၃၅ နေရာ သတ်မှတ်ချထားပေးမည်ဖြစ်ပြီး အလှူငွေ ၁၀ သိန်းအပြင် ရေစက်ဖိုး ထပ်မံကောက်ခံမည်မဟုတ်ကြောင်း၊ DJ တီးဝိုင်းများ ခွင့်မပြုဘဲ   တေးသီချင်းများသာ ခွင့်ပြုမည်ဟု သိရသည်။ ထို့ပြင် သန့်ရှင်းသပ်ရပ်သော စားသောက်ဆိုင်များ လည်း ခွင့်ပြုမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ဆိုသည်။

အဆိုပါ မဏ္ဍပ်များအပြင် မိသားစုအစီအစဉ်ဖြင့် ရေပက်လိုသူများအနေဖြင့် ၂ လက်မ ပိုက်ထက် မကြီးရ၊မီးသတ်ခေါင်းမတတ်ရ စသော စည်းကမ်းချက်ကို လိုက်နာနိုင်ပါက ဧပြီလ ၆ ရက် မတိုင်ခင် မန္တလေးမြို့တော်စည်ပင်ရုံး အခွန်ဌာနတွင် ရေစက်တစ်ခုလျှင် ကျပ် ၂ သိန်းပေးသွင်း၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required