ANC အပါအဝင်​UNFC အဖွဲ့ဝင်​များ NCA လက်​မှတ်​​ရေးထိုး​ရေး ယတိပြတ်​ မဆုံးဖြတ်​ရ​သေး

ANC အပါအဝင်​UNFC အဖွဲ့ဝင်​များ NCA လက်​မှတ်​​ရေးထိုး​ရေး ယတိပြတ်​ မဆုံးဖြတ်​ရ​သေး

မတ် ၃၁၊ ချင်းမိုင်။                 ။ မနေ့ည မတ်လ (၃၀) ရက်နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ဖြည့်စွက်သတင်းစကားတွင် UNFC အဖွဲ့ဝင် ရခိုင်ပြည် အမျိုးသားကောင်စီ ANC အပါအဝင် အဖွဲ့ဝင် (၅) ဖွဲ့အနေနဲ့ NCA ထိုးတော့မယ် ဆိုပြီးပြောသွားပါတယ်။ အဲဒီ (၅) ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာကတော့ ယတိပြတ် ဆုံးဖြတ်ထားတာ မရှိသေးဘူးဆိုပြီး မနေ့က BBC အင်တာဗျူးမှာပဲ ဖြေကြားသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ UNFC အဖွဲ့ဝင် လည်းဖြစ်၊ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့ DPN ရဲ့ ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) က ဗိုလ်မှူးကြီးမင်းထွန်းကို RiA ဝိုင်းတော်သား မင်းမင်းက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

M2/RiA ။            ။ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ NLD အစိုးရအဖွဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် မိန်းခွန်းဖြည့်စွက်သတင်းစကားမှာ ဗိုလ်မှူးကြီးတို့ ANC အပါအဝင် UNFC အဖွဲ့ဝင် ၅ ဖွဲ့က NCA ကို လက်မှတ်ရေးထိုးတော့မယ် ဆိုပြီး ပြောသွားပါတယ်။ တစ်ဘက်မှာ အဲဒီ (၅) ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ငံဟာက BBC ကနေ တဆင့် အဲဒီမိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ယတိပြတ်မဆုံးဖြတ်ရသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။ ဆိုတော့ ဗိုလ်မှူးကြီးတို့ ANC အနေနဲ့ ဘာပြောချင်ပါသလဲ။

Col/ANC ။          ။ ကျွန်တော်တို့ UNFC မူကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံ အဖြေရှာဖို့ပါ။ NCA လမ်းကြောင်းကနေတဆင့်၊ အဆင့်ဆင့်သော နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို သွားဖို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ NCA ကို အကောင်ထည်ဖော်ရာမှာ အဓိပ္ပာယ်မရှင်းလင်းတာတွေ ရှိနေပါတယ်။ လုပ်နည်းလုပ်ဟန်တွေအရ ပြန်ပြီး သုံးသပ်ရမယ့် အပိုင်းတွေ ရှိလာတယ်။ ဒါတွေကို ကျွန်တော်တို့ UNFC ရဲ့ DPN ကနေ အဆိုပြုချက် (၉) ချက်အနေနဲ့ အစိုးရကို တင်ပြတောင်းဆိုထားတာ ရှိပါတယ်။ ဒီ မူ (၉) ချက်ကို ကျွန်တော််တို့နဲ့ အစိုးရကြား မူအရ သဘောတူညီချက်လည်း ရရှိထားပြီး ဖြစ်ပါတယ်။ ရထားပြီးဖြစ်တဲ့ ဒီမူ (၉) ချက်ကိုလည်း သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကြားထဲမှာ ညှိနှိုင်း အတည်ပြုချက်ယူရဦးမှာပါ။ ဒါကို လွန်မြောက်လာပြီဆိုရင်တော့ ကျွန်တော််တို့ လက်မှတ်ရေးထိုးမယ့် အဆင့်ကို ရောက်မှာ ဖြစ်ပါတယ်။

M2/RiA ။            ။ ဒါဆို KIO နဲ့ SSPP အနေအထားကရော။ NCA လက်မှတ်ရေးထိုးရာမှာ မပါ၀င်ဘူးဆိုတဲ့ သဘောထားမျိုးလားခင်ဗျား။

Col/ANC ။          ။ ကျွန်တော်တို့ နားလည်သလောက် ပြောရမယ်ဆိုရင် KIO နဲ့ SSPP ရဲ့ တရားဝင် နိုင်ငံရေး တပ်ပေါင်းစုက UNFC ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဖွဲ့အနေနဲ့လည်းပဲ UNFC ရဲ့ နိုင်ငံရေးမူအတိုင်း၊ လမ်းညွှန်မှုအတိုင်း သွားမယ်ဆိုပြီးတော့ သဘောထားရှိကြပါတယ်။ သို့သော်လည်း လက်တွေ့အခြေအနေမှာ ကျွန်တော်တို့ UNFC ရဲ့ DPN ကနေ တင်ပြတောင်းဆိုထားတဲ့ အဆိုပြုချက် (၉) ချက်အပေါ်မှာ အစိုးရနဲ့ တပ်မတော်ဘက်က တုံ့ပြန်မှုတွေ ကြန့်ကြာမှု ရှိနေတယ်။ ရှင်းရှင်းလင်းလင်း အဖြေမရတဲ့ ကိစ္စတွေက ရှိလာတယ်။ တစ်ချိန်တည်းမှာ မြေပြင်ထိုးစစ်တွေက အရှိန်မလျော့ဘဲ ပြင်းထန်လာတာ ရှိတယ်။ ဆိုတော့ သူတို့အဖွဲ့တွေ အနေနဲ့က တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ်မှာထားတဲ့ သဘောထားဟာ သူတို့အတွက် မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ နောက်တစ်ချက်က NCA လက်မှတ်ရေးထိုးထားတဲ့ RCSS တို့လို့ အဖွဲ့မျိုးတွေနဲ့လည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတာတွေ ရှိတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ရဆိုပြီး ကန့်သတ်ထားတာတွေ ရှိတယ်။ ဒီလိုကိစ္စရပ်တွေကို ထောက်ရှုပြီးတော့ သူတို့က NCA မှာ လက်မှတ်ထိုးတာဟာ လက်တွေ့ အလုပ်ဖြစ်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ 

M2/RiA ။            ။ မြောက်ပိုင်းအဖွဲ့တွေ မပါ၀င်သေးရင်ရော အလုပ်ဖြစ်နိုင်ပါ့မလား။

Col/ANC ။          ။ မြောက်ပိုင်းအဖွဲ့တွေ မပါဝင်ရင် အလုပ်ဖြစ်နိုင်ပါ့မလားဆိုတော့ ကျွန်တော်တို့ UNFC ရဲ့ သဘောထားက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ရဖို့ပါ။ ဒီလိုမှပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာဖြစ်ကြောင်း ကျွန်တော်တို့အနေနဲ့ သဘောထားရှိပါတယ်။ သို့သော်ငြားလည်း အခု နောက်ဆုံး ကျွန်တော်တို့ မူအဆင့် သဘောတူထားတဲ့အပိုင်းမှာတော့ ဘယ်လိုသွားဖို့ စဉ်းစားထားသလဲဆိုရင် UNFC အဖွဲ့ဝင်တွေအနေနဲ့ လက်မှတ်ထိုးပြီးတဲ့အခါမှသာလျှင် တစ်တိုင်းပြည်လုံး အတိုင်းအတာ ငြိမ်းချမ်းရေးရဖို့၊ အပစ်အခတ်ရပ်စဲဖို့ အပိုင်းတွေကို တက်လှမ်းသွားမယ်ဆိုပြီးတော့ စဉ်းစားထားတာတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ UNFC အနေနဲ့ ပြောရမယ်ဆိုရင် အားလုံးပါဝင်ရေးမူကို မစွန့်လွှတ်သေးပါဘူး။ ဒါပေမယ့်လည်း အားလုံးပါဝင်ရေးမူဆိုတာကလည်း တစ်ဖွဲ့ချင်းစီ အပေါ်မှာလည်း မူတည်နေပါတယ်။ NCA လမ်းကြောင်းအတိုင်း သွားဖို့မသွားဖို့ သဘောထားတွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။

M2/RiA  ။           ။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်က UNFC ထဲက ANC WNO LDU တွေကို လက်မှတ်ထိုးစရာ မလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လာတက်နိုင်တယ်ဆိုပြီး ဖိတ်ခေါ်ဖူးပါတယ်။ ခု မနေ့က ပြုလုပ်တဲ့ အစိုးရသက်တမ်း တစ်နှစ်ပြည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ANC အဖွဲ့ အပါအဝင် အဲဒီ သုံးဖွဲ့ရဲ့ အမည်တွေကို ရုတ်တရက် သုံးလာတာက ဘာကြောင့်လို့ ယူဆပါသလဲ။

Col/ANC ။          ။ တစ်ချို့ကိစ္စတွေက လုပ်ကိုင်တဲ့အပိုင်းတွေမှာ  အစိုးရဘက်ကပဲဖြစ်ဖြစ်၊ တပ်မတော်ဘက်ကပဲ ဖြစ်ဖြစ် မူတွေက တစ်ချို့ မရှင်းလင်းတဲ့အပိုင်းတွေ ရှိနေပါတယ်။ လုပ်နည်းလုပ်ဟန်တွေ တချို့လည်း မပြတ်သားတာ၊ ရှေ့နောက်မညီတာတွေ ရှိနေပါတယ်။ ဥပမာ - ကျနော်တို့ ANC အပါအဝင် WNO၊ LDU သုံးဖွဲ့သည် ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းကနေ တပ်မတော်နဲ့ ပဋိပက္ခပြဿနာတွေ မရှိ။ အခြေခံအုပ်ချူပ်နယ်မြေမရှိ ဆိုတာတွေနဲ့ ကျနော်တို့ကို ပါဝင်နိုင်တယ်လို့ ပြောထားတယ်။ ကျွန်တော်တို့အမြင်က အဲဒီအချက်အလက် တွေဟာ တကယ် ခိုင်လုံတဲ့ အကြောင်းပြချက်တွေမဟုတ်။ အကြောင်းအရာ တစ်ခုခုကြောင့်၊ အယူအဆတစ်ခုခုကြောင့် ခွဲခြားပြီးတော့ ပြောနေတာပဲ ဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ခံယူထားတယ်။ ခုလည်းပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လက်မှတ်ထိုး ပါဝင်လို့ ရတယ်ဆိုပြီး ပြောလာတယ်။ ကြံ့ခိုင်ရေးပါတီကလည်းပဲ အဲဒီအချက်အလက်အပေါ်မှာ ထောက်ခံထားတာ တွေ့ရပါတယ်။ ဘာမူ၊ ဘာသဘောထားနဲ့ ပြောသလဲ ဆိုတာကတော့ ဂဃနဏ နားမလည်သေးဘူး။

M2/RiA  ။           ။ အဲဒါကတော့ တစ်ချက်ပေါ့။ နောက်တစ်ခုက နိုင်ငံရေး အသိုင်းအဝိုင်းမှာ အသံတွေ ကျယ်လောင်စွာ ထွက်ပေါ်နေတာ ရှိပါတယ်။ UWSA က ဦးဆောင်တဲ့၊ UWSA က နိုင်ငံရေး ဦးဆောင်မှု ယူတဲ့အပေါ် KIO နှင့် SSPP မှအပ ကျန် UNFC အဖွဲ့ဝင်အများစုက မလိုက်ကြဘူး ဆိုတာပါ။ ဆိုတော့ ဗိုလ်မှူးကြီးတို့ ANC အပါအဝင် ကျန်အဖွဲ့တွေကရော ဘာကြောင့် မလိုက်ဖြစ်ကြတာလဲ ခင်ဗျား။

Col/ANC ။          ။ ကျွန်တော်တို့ UNFC ပထမဦးဆုံး အခြေခံ ပဋိဉာဏ်သဘောဆောင်တဲ့ အခြေခံမူကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ခုနက ပြောခဲ့သလိုပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံ အဖြေရှာဖို့။ နောက်တစ်ခုက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့အပိုင်းကို NCA လက်မှတ်ရေးထိုးပြီးရင် အဆင့်ဆင့်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကနေ သွားဖို့ဆိုပြီးတော့ ကျွန်တော်တို့ စကတည်းက အခြေခံ သဘောထားရှိပြီးသား ဖြစ်ပါတယ်။ ဒါကတော့ UNFC အဖွဲ့ဝင်တိုင်း သဘော တူညီထားတဲ့၊ ရွေးချယ်ထားတဲ့ နိုင်ငံရေးလမ်းကြောင်း ဖြစ်ပါတယ်။ ဆိုတော့ UWSA ဦးဆောင်လို့ ပါဝင်တယ်၊ မပါဝင်တယ် ဆိုတာထက် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ UNFC မူရင်း သဘောတူညီအပေါ်မှာပဲ ရပ်တည်တယ် ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။

M2/RiA ။            ။ အကယ်၍ UNFC ရဲ့ အဖွဲ့ဝင်တွေအနေနဲ့ NCA မှာ လက်မှတ်မထိုးဘူးလို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဗိုလ်မှူးကြီးတို့ ANC အနေနဲ့ လက်မှတ်ထိုးဖို့ အစီစဉ်ရှိပါသလား။ သီးသန့် ရပ်တည်ချက်က ဘာလဲ ဆိုတာ သိပါရစေ ခင်ဗျား။

Col/ANC ။          ။ UNFC အဖွဲ့တွေက လက်မှတ်မထိုးဘူးဆိုခဲ့ရင် ဘယ်အကြောင်းအရာပေါ်မှာ အခြေခံပြီးမှ လက်မှတ်မထိုးကြရသလဲ ဆိုတာကို ကျွန်တော်တို့အနေနဲ့ ဆန်းစစ်ဖို့ လိုပါတယ်။ ကျနော်တို့က NCA သည် နဂိုပြုစုခဲ့တဲ့ ကျနော်တို့ (ဦးသိန်းစိန် အစိုးရလက်ထက်က NCA တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ - (၈) ဖွဲ့ကို ရည်ညွှန်းလိုခြင်းဖြစ်) လက်မှတ်ရေးထိုးတဲ့ NCA နဲ့ လုပ်ထုံးလုပ်နည်းတို့သည် ခိုင်မာမှုမရှိ၊ ဖြည့်စွက်စရာတွေ ရှိနေ သေးတယ်လို့ သုံးသပ်တယ်။ ဒါကြောင့်မို့လည်းပဲ ကျွန်တော်တို့အားလုံးက အဆိုပြုချက် (၉) ချက်ကို ညှိနှိုင်းပြီး ရေးဆွဲခဲ့ကြတယ်။ ဒါကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ ဒီအချက်အလက်တွေအပေါ်မှာ ဘယ်လောက်ထိ အတိုးအလျော့လုပ်လို့ရလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly