ကမ္ဘာ့သက်ဝင်အစည်ကားဆုံး ဘန်ကောက်က လမ်းဘေးဆိုင်တန်းများကို အစိုးရက ရှင်းလင်းရေးလုပ်ဆောင်၍ စျေးသည်များ အနာဂတ် မရေရာ

ကမ္ဘာ့သက်ဝင်အစည်ကားဆုံး ဘန်ကောက်က လမ်းဘေးဆိုင်တန်းများကို အစိုးရက ရှင်းလင်းရေးလုပ်ဆောင်၍ စျေးသည်များ အနာဂတ် မရေရာ

ဘန်ကောက်၊ မတ် ၃၀ ။            ။ ဘန်ကောက်မြို့ရှိ လမ်းဘေးပျံကျ အစားအစာ ရောင်းချသည့် ဆိုင်ငယ်များကို ဧပြီလအတွင်း ရှင်းလင်းရေးအတွက် ထိုင်းအစိုးရက အားထုတ်လုပ်ဆောင်လျက်ရှိသည်။

ယင်းအတွက်ကြောင့် လမ်းဘေးစျေးသည်များ နည်းတူ ကမ္ဘာ့ပေါ်တွင် သက်ဝင်စည်ကားမှုအရှိဆုံး လမ်းဘေးအစားအစာဆိုင်ယဉ်ကျေးမှု ဖြစ်ထွန်းနေရာ ဘန်ကောက်မြို့၏ နာမည်ဂုဏ်သတင်းအတွက်လည်း  အနာဂတ်က မရေမရာ ဖြစ်နေသည်။

ဘန်ကောက်ရှိ လူစည်ကားသော အီကာမိုင်အရပ်က သစ်သီးဝလံစိတ်ခြမ်းရောင်းချသည့် ဆိုင်၊ အသားကင်ဆိုင်၊ ခေါက်ဆွဲဆိုင် စသည့် ပျံကျခေါင်းရွက်ဗျက်ထိုး လမ်းဘေးစျေးသည်များအနေဖြင့် လာရောက်စားသောက်သူများကို ယခုသီတင်းပတ်ကာလအတွင်း ဆက်လက်ရောင်းချရဦးဖြစ်သည်။

သို့သော် ၎င်းလမ်းဘေးစျေးသည်များအနေဖြင့် “ဧပြီ ၁၇ ရက်မှ အစပြုပြီး အစားအစာဆိုင်များ တည်ခင်းရောင်းချခြင်းကို ၂၄ နာရီ တားမြစ်ကြောင်း” သတိပေးချက်၌ လက်မှတ်ရေးထိုးထားရပြီးဖြစ်သည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သော လေးနှစ်ကြာမျှ ဝက်သားဒုတ်ထိုး ရောင်းနေခဲ့သည့် ပန်နှင့် အနီးနားကပ်လျက် လမ်းဘေးလက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချနေသည့် ခင်ပွန်းဖြစ်သူ ချွမ်တို့က ၎င်းတို့၏ အနာဂတ် မရေမရာ ရှိနေပုံကို ညည်းတွားသည်။

“စျေးရောင်းဖို့ နေရာသစ် ခုထိရှာမတွေ့သေးဘူး။ ကျွန်မတို့ ဘာလုပ်ရမယ် မသိတော့ပါဘူး။”ဟု ပန်က ပြောသည်။

လမ်းဘေးအစားအစာရောင်းသည့် အသက် ၄၀ နှစ်ရှိ နက်တေယာကတော့ သူ့အနေဖြင့် စျေးရောင်းဖို့ နေရာသစ်တစ်ခုတွေ့ထားကြောင်း၊ အဆောက်အအုံတစ်ခုတွင် တစ်ဆင့်ခံငှားရမ်းသည့် နေရာတစ်နေရာစာတွင် ရောင်းချရမည်ဖြစ်ပြီး ယင်းနေရာအတွက် တစ်လ ဘတ် ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၃၄၈ ဒေါ်လာ) ပေးရမှာဖြစ်ကြောင်း ပြောသည်။

ဘန်ကောက်က အချက်အခြာကျရာ နေရာများတွင် နှစ်ထပ်အဆောက်အအုံတစ်လုံး ငှားရမ်းခက တစ်လ ဘတ်ငွေ ငါးသောင်းမှ ခြောက်သောင်းကြား ရှိနေရာ ၎င်းအနေဖြင့် မတတ်နိုင်ကြောင်း နက်တေယာက ဆိုသည်။

“ကျွန်မအနေနဲ့ လမ်းဘေးမှာ မရောင်းရဘူးဆိုရင်၊ ခုလို ဆိုင်နေရာ ငှားရမ်းရောင်းရရင်တော့ စျေးတင်ရောင်းမှ ဖြစ်တော့မယ်။ ဒီကျရင် ဖောက်သည်က နည်းသွားမှာဖြစ်တယ်။”ဟု နက်တေယာက ပြောသည်။

ထိုင်းအာဏာသိမ်း စစ်အစိုးရက လမ်းဘေးစျေးသည်များကို စီမံခန့်ခွဲကာ စည်းကမ်းကြပ်မတ်မှုများဖြင့် ၂၀၁၅ ခုနှစ်အတွင်းက ထိန်းချုပ်ခဲ့သော်လည်း ရောင်းချခြင်းများကို တားမြစ်ခြင်း မရှိခဲ့ပေ။

အာဏာသိမ်းပြီးနောက် ၂၀၁၄ ခုနှစ်ကသာ လမ်းဘေးအစားအစာဆိုင်များကို လုံးလုံးတားမြစ်ခဲ့ခြင်းသာ ရှိခဲ့သည်။

၂၀၁၄ မေလက အစိုးရအာဏာ သိမ်းပြီးနောက် စစ်အစိုးရ၏ အဓိကမူဝါဒဦးတည်ချက်များတွင် လမ်းဘေးဆိုင်များနှင့် ပျံကျစျေးသည်များအား စီမံခန့်ခွဲရေးကလည်း အချက်တစ်ချက်အဖြစ် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required