မြန်မာရွေ့ပြောင်း အလုပ်သမားများ အကျိုးကို ဆောင်ရွက်ပေးနိုင်ရန် ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဟု နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ပြော

မြန်မာရွေ့ပြောင်း အလုပ်သမားများ အကျိုးကို ဆောင်ရွက်ပေးနိုင်ရန် ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဟု နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် (ဇင်းမယ်) မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးကို ဇူလိုင် ၂၉ ရက်က  မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး လက်ရှိ စီးပွားရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်ရေးများ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရေးနှင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အကျိုးကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီးက “နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ပိုမိုတိုးတက်ပြီးတော့ ဆောင်ရွက် ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တာ ဖြစ်ပါတယ်”  ဟုဆိုသည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ သံတမန်ထူထောင်လာခဲ့ပြီးဖြစ်ကာ နိုင်ငံတကာ ကောင်စစ်ဝန်တာဝန်များအရ နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများ၊ မြန်မာနိုင်ငံသားများ၏ အခွင့်ရေးကို ကာကွယ်ပေးနိုင်ရန်နှင့် နှစ်နိုင်ငံ ခရီးသွားလာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အရေးနှင့်ပတ်သက်ပြီး ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်ပေးနေပြီး ယာယီမှတ်ပုံတင် ရရှိရန်၊ အလုပ်အကိုင် ရရှိရန်၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရန်တို့ကို အလုပ်သမား ဝန်ကြီးဌာနနှင့် ပေါင်း၍ နယ်ဒေသများအထိ ဆင်း၍ လုပ်ပေးနေသည်ဟုလည်း ဦးဝဏ္ဏမောင်လွင်က ဆိုသည်။ သို့သော်လည်း လူအင်အားနှင့် နယ်မြေ အကန့်အသတ် ရှိသည်ဟုလည်း ဆိုသည်။ အလုပ်သမားများ အနေဖြင့်လည်း တရားဝင် နည်းလမ်းဖြင့် မှန်မှန်ကန်ကန် လုပ်ကိုင်မည် ဆိုပါက အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပေးနိုင်မည် ဖြစ်ကာ ချင်းမိုင်တွင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်းဖြင့် အလုပ်သမား အရေးများကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မည်ဟုလည်း ဆိုသည်။  

မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်သည့် အခမ်းအနားသို့  ရှစ်ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲကော်မရှင် အစည်းအဝေး တက်ရောက်ခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒု-ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တာနာဆတ် ပတ်တီမာပရာဂေါန် (Tanasak Patimapragorn)ကလည်း တက်ရောက်ချီးမြင့်ခဲ့ပြီး ချင်းမိုင်မြို့ရှိ အမေရိကန်၊ ရှရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ စသည့်နိုင်ငံများမှ ကောင်စစ်ဝန်များ တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ထိုင်း-မြန်မာ နှစ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ခဲ့သဖြင့် သမိုင်းဝင်ဖြစ်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ တွန်းအားပေးသည့်အတွက် ဝမ်းသာကြောင်း၊  ထိုင်းအစိုးရ စီမံချက်အရ ချင်းမိုင်မြို့ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် မြန်မာနိုင်ငံသားများအားလုံးကို ကာကွယ်ပေးမည်ဖြစ်ကြောင်း အခမ်းအနားတွင် ပြောဆိုထားသည်။

အဆိုပါ ရုံးတွင် ကောင်စစ်ဝန် ဦးကောင်းဆန်လွင် အပါအဝင် ဝန်ထမ်း ငါး ဦးဖြင့် လုပ်ငန်းများ စတင် လုပ်ကိုင်သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား  နှစ်သန်းကျော်ရှိပြီး  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ငါးသိန်းကျော် ရှိရာ ၎င်းတို့အတွက် လိုအပ်ချက်များ ကူညီပေးသွားမည် ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ဦးဝင်းမောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required