မန္တလေးမဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်လုပ်မှု ရွှေ ၆ ပိဿာကျော် ရရှိ

မန္တလေးမဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်လုပ်မှု ရွှေ ၆ ပိဿာကျော် ရရှိ

မန္တလေး၊ မတ် ၃၀ ။          ။ မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ရွှေချရာ၌ အသုံးပြုသည့် မှိုင်းခံစက္ကူ နှင့် အမှိုက်များမှ ရွှေသန့်စင်ခြင်း (ရွှေမိုက်ထုတ်လုပ်ခြင်း)ပြုလုပ်ရာ သန့်စင်ပြီး ရွှေ ၆ ပိဿာ ၉၄ ကျပ်သားကျော် ရရှိခဲ့ကြောင်း သိရသည်။

မဟာမုနိဘုရားကြီးတွင် ယခင်နှစ်က ရွှေမိုက်ထုတ်လုပ်မှုမှာ ရွှေ ရ ပိဿာ၂၅ ကျပ်သား ရရှိခဲ့ပြီး ယခုနှှစ် ၆၇ ကြိမ် ရွှေမိုက်ထုတ်ခြင်းကို ဖေဖော်ဝါရီလ ရ ရက်မှ စတင်လုပ်ဆောင်ခဲ့ရာ မတ်လ ၂၉ ရက်အထိ သန့်စင်ပြီး ရွှေ ၆ ပိဿာ ၉၄ ကျပ်သား ၊ ၅ ပဲ ၅ ရွေးခွဲ ရရှိခဲ့ခြင်း ဖြစ်သည်။

'' (၆၇)ကြိမ်မြောက် ရွှေမိုက်ထုတ်ခြင်း ၂ လတာကာလ လုပ်ငန်းဆောင်ခြင်းမှ ထွက်ရှိလာသော မကျွတ်ရွှေ စုစုပေါင်း အလေးချိန် ရ ပိဿာ ၄၆ ကျပ်သား နဲ့ ၂ ရွေး ထွက်ရှိခဲ့ပါတယ်။ ထွက်လာတဲ့ မကျွတ်ရွှေတွေကို ရွှေလှော်ခြင်းလုပ်ငန်း ဆက်လုပ်ခဲ့တာ သန့်စင်ပြီး ရွှေအလေးချိန် ၆ ပိဿာ ၉၅ ကျပ်သားကျော် ရရှိခဲ့တာပါ '' ဟု မိုက်သူကြီး ဦးအောင်မိုးက ပြောသည်။

အဆိုပါသန့်စင်ပြီးရွှေများအား ဘုရားဘဏ္ဍာတိုက်တွင် သိမ်းဆည်းသွားမည်ဖြစ်ပြီး ရောင်းစားသည်ဆိုသည်မှာ ဟုတ်မှန်ခြင်းမရှိဟု မိုက်သူကြီးက ပြောသည်။

'' ရရှိလာတဲ့ သန့်စင်ထားသော ရွှေတွေကို မဟာမုနိဘုရားလိုအပ်ချက်အတွက် အသုံးပြုနိုင်ဖို့ ဘုရားဘဏ္ဍာတိုက်တွင် သိမ်းဆည်းသွားမှာဖြစ်ပါတယ်။ လူတချို့ ထင်မြင်ထားသည့် ရောင်းစားတယ်ဆိုတဲ့ ကိစ္စတွေက မဟုတ်မှန်ပါဘူး။ ရရှိလာတဲ့ သန့်စင်ပြီး ရွှေတွေကို ချိတ်ပိတ်၍ ဘုရားဘဏ္ဍာတိုက်ထဲမှာ သိမ်းသွားမှာပါ '' ဟု မိုက်သူကြီး ဦးအောင်မိုးက ပြောသည်။

ရွှေမိုက်ထုတ်လုပ်ခြင်းလုပ်ငန်းမှ ရရှိသော သန့်စင်သော ရွှေတုံးများအား လာမည့် ဧပြီလတွင် သြဝါဒ ဆရာတော်ကြီးများ ရှေ့မှောက်တွင် မိုက်သူကြီးက ဘုရားဂေါပကအဖွဲ့ထံ အပ်နှံမည်ဖြစ်ပြီး ဘုရားဂေါပကအဖွဲ့မှာ မဟာမုနိဘုရားကြီးလိုအပ်ချက် နှင့် ဝေယျာဝေစ္စ လုပ်ငန်းတွင် အသုံးပြုနိုင်ရန် ဘုရားဘဏ္ဍာတိုက်တွင် ချိတ်ပိတ်၍ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required