မြောက်ကိုရီးယား၏ မြေအောက်နျူကလီးယားစမ်းသပ်ရန် ပြင်ဆင်မှုက အတော်ခရီးရောက်နေနိုင်ဟုဆို

မြောက်ကိုရီးယား၏ မြေအောက်နျူကလီးယားစမ်းသပ်ရန် ပြင်ဆင်မှုက အတော်ခရီးရောက်နေနိုင်ဟုဆို

ဆိုးလ်၊ မတ် ၂၉ ။          ။ မြောက်ကိုရီးယား၏ မြောအောက်နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ရန် ပြင်ဆင်နေမှုက အတော်ခရီးရောက်နေဟန်ရှိကြောင်း 38North ဝက်ဘ်ဆိုက်တွင် မတ် ၂၉ ရက်က ဖော်ပြသည့် ဂြိုဟ်တုဓာတ်ပုံများနှင့် ပညာရှင်များ၏ အကဲဖြတ်ချက်အရ သိရသည်။

ပန်ဂျိုင်ရီနျူကလီးယားအခြေစိုက်စခန်းကို မတ် ၂၅ ရက်က ရိုက်ယူထားသော ဂြိုဟ်တုပုံများအရ မြေအောက်စမ်းသပ်ရန် ပြင်ဆင်မှုကို ကောင်းကောင်းဆောင်ရွက်ထားနိုင်ပုံရကြောင်း အမေရိကန် Johns Hopkins တက္ကသိုလ်နှင့် ချိတ်ဆက်မှုရှိသော 38North ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလအတွင်းက မြောက်ကိုရီးယားစစ်တပ်၏ နောက်ဆုံးမြေအောက်ဖောက်ခွဲမှု လုပ်ဆောင်ခဲ့သော အခြေစိုက်စခန်း၏ မြောက်ဖက်တူးမြောင်း အပြင်ဖက်တွင် ကေဘယ်လ်ကြိုးများကို တပ်ဆင်သွယ်တန်းထားပြီးကြောင်းကို ဓာတ်ပုံများက ညွှန်ပြနေကြောင်း အကဲဖြတ်များက ဆိုသည်။

“ဒီကေဘယ်ကြိုးတွေကို သွယ်တန်းထားတာဟာ စမ်းသပ်မှု အစပျိုးရန်၊ ပေါက်ကွဲမှုမှ အချက်အလက်များ စုယူရန်နှင့် အချက်အလက်များ ထုတ်ယူရန်တို့အတွက် အသုံးပြုဖို့ တပ်ဆင် သွယ်တန်းထားပုံရပါတယ်။”ဟု ယင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

၎င်းအပြင် စောင့်ကြည့်ခြင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်း စသည်တို့အတွက် အသုံးပြုနိုင်ရန် ယင်းတူးမြောင်းမှ ရေများကို စုပ်ယူကာ ခြောက်သွေ့နေအောင်လည်း စီမံလုပ်ဆောင်ထားပြီးကြောင်းကို အကဲဖြတ်များက အလေးထားကာ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required