အငြင်းပွားတောင်တရုတ်ပင်လယ်တွင် တရုတ်က ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်

အငြင်းပွားတောင်တရုတ်ပင်လယ်တွင် တရုတ်က ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်

ပေကျင်း၊ဇူလိုင် ၂၉ ။       ။ အငြင်းပွားပင်လယ်ပြင်တွင် တင်းမာမှုများ မြင့်တက်နေစဉ် တရုတ်သည် ပင်လယ်ပြင်တွင် ၎င်း၏တိုက်ခိုက်ရေး စွမ်းရည်မြင့်မားလာစေရန် ကြိုးပမ်းသည့်အနေဖြင့် ဇူလိုင် ၂၈က တရုတ်ရေတပ်သည် တောင်တရုတ်ပင်လယ်တွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် အနည်းဆုံးရေတပ်သင်္ဘော ၁၀၀၊ လေယာဉ်ဒါဇင်များစွာ၊ အမှတ်-၂ အမြောက်တပ်မကြီးမှ ဒုံးကျည်တပ်ရင်းများနှင့် သတင်းတပ်ဖွဲ့များပါဝင်သည်ဟု ရေတပ်သတင်းရင်းမြစ်များကို ကိုးကား၍ ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထို့အပြင် လေ့ကျင့်မှုအတွင်း ဒုံးကျည်များ၊ တော်ပီဒိုများပစ်ခတ်လေ့ကျင့်ခဲ့သည့်အပြင် အမြောက်ဆန် ထောင်ပေါင်းများစွာနှင့် ဗုံးများလည်း ပစ်ခတ်ဖောက်ခွဲခဲ့သည်ဆိုသည်။

ထို့အပြင် လေ့ကျင့်မှုက ရေတပ်၏ လေကြောင်းကာကွယ်ရေးနှင့် ကြိုတင်သတိပေးသည့်စနစ်ကိုလည်း စမ်းသပ်ခဲ့သည်ဟု သိရသည်။ လျင်မြန်စွာတုံ့ပြန်နိုင်သည့်စွမ်းရည်လည်း တိုးတက်ခဲ့သည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ရေတပ်ကို လျင်မြန်စွာတိုးချဲ့ခဲ့ပြီး ၎င်း၏ ပထမဆုံးလေယာဉ်တင်သင်္ဘောကိုလည်း ၂၀၁၂ခုနှစ်က ရေချတာဝန်ပေးခဲ့သည်။

ထို့အပြင် ရေငုပ်သင်္ဘောနှင့် ရေပေါ်သင်္ဘောများကိုလည်း တိုးချဲ့ခဲ့သည်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး တရုတ်က ပိုင်ဆိုင်သည်ဟု ပြောကြားထားမှုအပါ် နိုင်ငံအချို့နှင့် အငြင်းပွားနေသည့်တိုင် တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ကျွန်းတုဆောက်လုပ်ရေးအမြန်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေသည်။

ဂျပန်က ၎င်း၏ စစ်ရေးကဏ္ဍကို ချဲ့ထွင်လျက်ရှိစဉ် တရုတ်၏ ပိုင်ဆိုင်မှုမြေယာဖော်ယူခြင်းကို လွန်ခဲ့သည့်သီတင်းပတ်က ပြင်းထန်စွာဝေဖန်ခဲ့သည်။ အငြင်းပွားရေပြင်တွင် တရုတ်က ပိုင်ဆိုင်ကြောင်းပြော ကြားသည့် ဧရိယာကြီးမားလာမှုကြောင့် ဖိလစ်ပိုင်ကလည်း ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကို လာမည့်နှစ်တွင် ၂၅ ရာခိုင်နှုန်းတိုးမြင့်ရန် စီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required