ဦးဝီရသူအား သံဃအဖွဲ့အစည်းအခြေခံစည်းမျဉ်းအတိုင်း အရေးယူပေးရန် ကိုဆွေဝင်း တိုင်တန်း

ဦးဝီရသူအား သံဃအဖွဲ့အစည်းအခြေခံစည်းမျဉ်းအတိုင်း အရေးယူပေးရန် ကိုဆွေဝင်း တိုင်တန်း

ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ)အား သံဃအဖွဲ့အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း ညွှန်ကြားမှုများနှင့်အညီ အရေးယူပေးရန် မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်း   နိုင်ငံတော်သံဃမဟာနာယကထံ မတ်လ ၂၈ရက် ရက်စွဲဖြင့် စာပေးပို့လိုက်သည်။

“လက်တုန့်ပြန် တရားစွဲတာမဟုတ်ပါဘူး။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံုးရပ်ကို အခြေခံပြီး သံသရာဝဋ်ဒုက္ခကနေ လွတ်မြောက်ကြောင်းဟောကြားထားတဲ့ ဗုဒ္ဓရဲ.တရားတော်တွေ၊   လောကလူသားအချင်းချင်းမခွဲမခြားဘဲ အားလုံုးကိုု မေတ္တာ၊ ဂရုဏာနဲ့ဆက်ဆံဖို့ ဟောပြောခဲ့တဲ့ ဗုုဒ္ဓရဲ့ အဆုံးအမတော်တွေကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ပြီး အမုုန်းတရားတွေလုုပ်ကြံ   ဟောကြားနေတာမို့ တာဝန်ရှိသူအသီးသီးကို တိုင်တန်းတာပါ။" ဟု ကိုဆွေဝင်းက တိုင်ကြားစာအပေါ် မှတ်ချက်ပြုသည်။

"အာဏာပိုင်တွေက ထိထိရောက်ရောက်အရေးမယူတဲ့အတွက် ပြည်သူထဲက ပြည်သူတစ်ဦးအနေနဲ့ တရားနည်းလမ်းကျစွာအရေးယူဖိုု့ မေတ္တရပ်ခံတဲ့စာဖြစ်ပါတယ်” ဟုလည်း ကိုဆွေဝင်းက ဆိုသည်။

ယင်းသို့အရေးယူရန် စာပို့ရသည့် အဓိက အကြောင်းရင်းသည် ဦးဝီရသူကို ၂၀၁၇ ခုနှစ် မတ်လ ၁၀ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၉ရက်ထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဟောခွင့် တစ်နှစ်ပိတ်ပင်ခဲ့သည်။ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ရန် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စတုတ္ထအစည်းအဝေးက ဆုံးဖြတ်ခဲ့သော်လည်း ဦးဝီရသူသည် ဝစီပိတ်တရားပွဲများ ကျင်းပခဲ့သည်။

ယင်းသို့ ဆောင်ရွက်ခြင်းကို ကိုဆွေဝင်း၏ သံဃမဟာနာယကထံ တိုင်ကြားစာတွင် "နိုင်ငံတော်၏ ဥပဒေပြဌာန်းချက်များ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များကို မထီမဲ့မြင် ဆန့်ကျင်ဆောင်ရွက်နေခြင်းဖြစ်ပါသည်ဘုရား" ဟု ထည့်သွင်းရေးသားကာ တိုင်ကြားထားသည်။

ယင်းအပြင် ဦးဝီရသူသည် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျံုကူးကျေးရွာတွင် ဖေဖော်ဝါရီ ၉ရက်က "ဒို့တာဝန်အရေးသုံးပါး နှင့် ၉၆၉ တရားတော်) အမည်ရ ဟောပြောချက်များမှာလည်း ဗုဒ္ဓသာသနာကိုမျှမက ဗုဒ္ဓသာသနာ၏ သံဃာရတနာ (သံဃာတော်အရှင်သူမြတ်များ)အား တိုက်ရိုက်ထိခိုက်စော်ကားသည့် ဘာသာဖျက်၊ သာသနာဖျက် အဓမ္မဝါဒဖြစ်နေကြောင်း ကိုဆွေဝင်းက ရေးသားထားသည်။

ယင်းသို့ ဟောပြောချက်များကြောင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) သည် တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း နှင့် ၎င်းတို့၏ လုပ်ရပ်များအပေါ် တိကျသည့် အဆုံးအဖြတ်တစ်ရပ် ထုတ်ပြန်ပေးရန် နှင့် ဦးဝီရသူကို သံဃနာယကလက်စွဲ၊ သံဃအဖွဲ့အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း ညွှန်ကြားမှုများအတိုင်း အရေးယူပေးရန်   နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးထံ တောင်းဆိုလိုက်သည်။

မတ်လ ၂၇ရက်က ပုသိမ်မြို့ ၊မြောင်းမြကျောင်းတိုက်တွင် ဘာသာကြီး ၄ခုမှ အကြီးအကဲများ စုပေါင်းတွေ့ဆုံပွဲတွင်မူ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကုမာရဘဝံသ(ဗန်းမော်ဆရာတော်ကြီး)က ဦးဝီရသူအား တရားဟောခွင့် တစ်နှစ်ပိတ်ပင်ပြီးဖြစ်ကြောင်း နှင့် ဆက်လက်ဟောပြောနေမည်ဆိုပါက ဖမ်းဆီးထောင်ချကာ အရေးယူနိုင်ကြောင်း အတိအလင်း မိန့်ကြားခဲ့သည်။

"ဘုန်းတို့က သူကိုတရားဟောခွင့်ပိတ်လိုက်တယ် သူဆက်ဟောရင်တော့ ဆက်ဟောတဲ့အတွက် အမိန့်မနာခံတဲ့အတွက် ဥပဒေရှိတယ် အမိန့်နားမထောင်ဘူး၊ ဘုရားဟောမဟုတ်တာတွေကို လုပ်ကြံပြီး သူဟာသူဟောနေတာ အဲဒီလိုဟောတဲ့အတွက် ထောင်ချနိုင်ပါတယ်”ဟု မိန့်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သံဃနာယကအဖွဲ့ကြီး၏ ၂၀၁၆ခုနှစ် ဇူလိုင်၊ ရရက်က ထုတ်ပြန်ချက်အရလည်း မ.ဘ.သသည် နိုင်ငံတော်သံဃနာယကအဖွဲ့ကြီး၏ ညွှန်ကြားလွှာ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့မဟုတ်ကြောင်း နှင့် တရားဝင်ဖွဲ့စည်းရပ်တည်ခွင့်မရှိသည့် အဖွဲ့ဖြစ်ကြောင်း အတိအလင်း ကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required