အစွန်းရောက်

အမှိုက်ပုံမှာ ကျည်ဆံတွေ တွေ့လိုက်၊ ဟိုတယ်အခန်းထဲမှာ သေနတ်တွေ့လိုက်၊ ကားထဲမှာ လက်နက်တွေ ဖမ်းမိလိုက်နဲ့ ဗမာပြည်ဟာ ကောင်းဘွိုင်နိုင်ငံလိုလို ဘာလိုလိုဖြစ်လာနေပါပြီ။ ဒီကကောင်းဘွိုင်တွေက မြင်းတော့မစီးဘူး၊ ကားစီးတာ၊ လယ်တောတွေထဲ ပစ်တာခတ်တာမျိုးတော့ မဟုတ်ဘူး။ လေဆိပ်မှာပစ်တာ၊ ဒိုင်း…….ဒိုင်း ကောင်းဘွိုင်လိုပဲ ………သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်ဆိုတဲ့ သုခမိန်လှိုင်ရေးပြီး နော်လီဇာဆိုတဲ့ နှလုံးသားမက္ကဆီကို သီချင်းဟာ အခုအသက်ဝင်လာပါတယ်။ အစိုးရသစ်လက်ထက်မှာ လက်နက်တွေ့ရှိမှု အသစ်အသစ်တွေဟာ စံချိန်ချိုးတော့မယ် ထင်ပါရဲ့၊ ဒါတွေဟာ အစိုးရသစ်ရဲ့ တာဝန်ချည်းသက်သက်လို့တော့ မောင်မှန်မယူဆပါဘူး။ အဲဒါတွေကို တကယ်ထိန်းချုပ်နိုင်တဲ့နေရာမှာ အစိုးရသစ်က မရှိဘူး၊ အဲ, ဒါပေမဲ့ အဲဒီလမ်းကို သိသိကြီးနဲ့ ရွေးချယ်ခဲ့တာလည်း အစိုးရသစ်ပါပဲ။ ဒီလိုတွေရေး ရရင်ဖြင့် ( ကားသမားတွေပြောသလို) တိုင်လည်သွားလိမ့်မယ်၊ ဂျာအေးသူ့အမေရိုက်ပေလိမ့်မယ်၊ အတော်ခက်ပါတယ်။

မောင်မှန်လည်း ရေးသာရေးနေရတာ ဘယ်ကပစ်လိုက်မှန်း မသိတဲ့ ကျည်ဆံက Twist ဖြစ်ပြီး ကိုယ့်နဖူးလာမှန််မှာလည်း ကြောက်ရသေးတယ်။ နောက်ကိုယ့်ကိုကိုယ် ဆွဲကြိုးချ အဆုံးစီရင်တယ်ဆိုပြီး မျက်ခုံးကွဲ ဒဏ်ရာကြီးနဲ့ မလှမပဖြစ်နေမှာလည်း စိုးရိမ်ရသေးတယ်။ ဘာမဆိုဖြစ်နိုင်တဲ့ ခေတ်ကြီးမို့လား၊ အစွန်းရောက်တွေဆိုတာလည်း နေရာတကာမှာ ရှိနေနိုင်တာလေ၊ ဟိုအစွန်းရောက်၊ ဒီအစွန်းရောက်တွေ ပေါပါဘိခြင်း၊ ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ အစွန်းရောက်တွေနဲ့ တွေ့လိုက်လို့ကတော့ အမယ်လေးလေး ဘုရားသာ တနေပေရောပဲ။

နောက်အစွန်းရောက်တာတစ်ခုပြောရဦးမယ်၊ ဒါကတော့ သူများကို ဒုက္ခပေးတဲ့ အစွန်းရောက် မဟုတ်ပါဘူး။ ဒုက္ခအစွန်းရောက်တွေပါ၊ ဗမာပြည်ထဲမှာ ဒုက္ခအစွန်းရောက်လောက်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေက ဖလန်းဖလန်းထနေလေတော့ နိုင်ငံတကာကိုထွက်ဖို့ ကြိုးစားရရှာသူတွေပေါ့။ တိုင်းပြည်ကိုမချစ်လို့၊ အမျိုးကိုမချစ်လို့၊ နိုင်ငံခြားအထင်ကြီးလို့ သွားလုပ်စားတယ်လို့ ဆီသည်မလက်သုတ်ပဝါလို ဖြစ်နေတဲ့ ရှေးဟောင်းစွပ်စွဲချက်ကြီးနဲ့ အပြစ်တင်ဖိို့တော့ မကြိုးစားနဲ့နော်၊ ရွေ့ပြောင်းအလုပ်သမား အားလုံးနီးပါးဟာ ငတ်လွန်းမက ငတ်လွန်းလို့သာ ကိုယ့်ဌာနေကိုယ်စွန့်ပြီး အလုပ်သွားလုပ်ကြရတာ၊ မိဝေးဖဝေး သားဝေးသမီးဝေး ဘယ်သူမှသွားမလုပ်ချင်ပါဘူး။ ကိုယ်ချင်းစာကြပါ၊ ဒုက္ခအစွန်းရောက်လို့မို့သာပါ။

နောက်ပြီး ဒုက္ခအစွန်းရောက်တွေဟာ မျိုးချစ်အစွန်းရောက်တွေလို ရွှေတွဲလွဲ၊ ငွေတွဲလွဲ ကုမ္ပဏီတွေ ဘာတွေလည်း ပိုင်ကြရှာတာမဟုတ်ဘူး။ နေထိုင်ခွင့်ကျော်လို့ နိုင်ငံခြားမှာ အဖမ်းခံရရင် အတော်ဒုက္ခရောက်ရတာ၊ မျိုးချစ်အစွန်းရောက်တွေလို မီးပူကျအင်္ကျီ၊ ပုဆိုးတွေ ကော့ကော့ကြော့ကြော့လေးဝတ်ပြီး ဇိမ်ခံကားနဲ့ ရုံးထွက်ရတာမျိုး မဟုတ်ဘူးလေ။ (ခုရုံးချိန်းတစ်ပတ်တော့ဖြင့် ဇိမ်ခံကား မဟုတ်တော့ပါဘူး၊ ကားအပြာကြီးပဲ ဖြစ်သွားပါပြီ၊ လူမြင်မကောင်းအောင် မလုပ်တော့ပါဘူး၊ အင်္ကျီအဝတ်အစားကတော့ အရပ်စတိုင်ပါပဲ၊ ဒါလည်းသူ့ရှိလို့ သူဝတ်တာပဲလေ၊ ဟုတ်ဖူးလား။)

မြောက်ဒဂုံပင်လုံခန်းမမှာ ကိုရီးယားကို သွားအလုပ်လုပ်ဖို့ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတွေကို မတ်လ၂၀ရက်နေ့ကနေ ၂၂ရက်နေ့အထိ ရောင်းချပေးခဲ့ပါတယ်။ အဲဒီမှာ ၀ယ်ယူသူတွေဟာ တိုးကြိတ်လုယက် ၀ယ်ယူခဲ့ကြရပြီး ခိုက်ရန်ဖြစ်ပွားတာတွေ၊ မူးမေ့လဲကျတာတွေ ဖြစ်ခဲ့ရတယ်လို့ သတင်းတွေအရ မောင်မှန်သိရပါတယ်။ သောင်းနဲ့ချီပြီး တိုးဝှေ့ဝယ်ယူကြသတဲ့၊ သတင်းဓါတ်ပုံတွေ မြင်ရတာလည်း စိတ်ချမ်းသာစရာ တစ်ခုမှမရှိပါဘူး။ အရှက်တကွဲ အကျိုးနည်းဖြစ်နေတဲ့ ပုံတွေတောင် တွေ့တယ်။ Spiderman တွေလို ခေါင်ကတုတ်တန်းတွေပေါ်မှာလည်း တွေ့ရတယ်။ (ခုတော့ လျှောက်လွှာရောင်းရက်ကို ၂ရက်တိုးပြီး သတ်မှတ်ပေးလိုက်ပါပြီ) ဒါတောင် ဒီလျှောက်လွှာရရင် ကိုရီးယားမှာ အလုပ်တန်းရမှာ မဟုတ်ဘူးနော်၊ စာမေးပွဲဖြေရဦးမှာ၊ ဖြေပြီးရင်လည်း အခြားကျော်လွှားစရာတွေ ရှိသေးတာ၊ ဒါကိုပဲ ကြိတ်ကြိတ်တိုး၊ ရန်ဖြစ်၊ မူးလဲ တိုက်ပွဲဝင်နေရရှာတဲ့ မောင်မှန်တို့ နိုင်ငံသားတွေရဲ့ဘဝကို ဒုက္ခအစွန်းရောက်တွေလို့ မောင်မှန်သုံးခဲ့မိတာ မလွန်ပါဘူးခင်ဗျာ။

ပဲခူးမြို့ကနေ လျှောက်လွှာလာဝယ်သူတစ်ယောက်က DailyEleven သတင်းစာကို အခုလို ပြောပါတယ်"လူတွေက အရမ်းများတော့ ချွေးထွက်အောင်ကို တိုးကြိတ်ဝယ်ယူရတယ်။ ၀ယ်တဲ့လူတွေကလည်း စည်းကမ်းနဲ့မညီသလို ရောင်းချတဲ့ပုံစံကလည်း စနစ်သိပ်မကျဘူးလို့ မြင်ပါတယ်၊ ကျနော်တို့က ဒီမှာအလုပ်လုပ်စရာ မရှိလို့သာ လာဝယ်ရတာပါ၊ အိမ်မှာက လုပ်စရာလယ်လည်း မရှိတော့ဘူး။ စပါးစျေးလည်း မကောင်းတော့ နိုင်ငံခြားသွားအလုပ်လုပ်မှ အဆင်ပြေမယ်ထင်လို့ပါ" တဲ့။ (မြန်မာအိုင်ဒေါမှာ သားငယ်ပြိုင်သွားတဲ့ ပဲ့ကိုင်ရှင်သီချင်းလို ကဲ အခုဘယ်လိုလုပ်မလဲတော့ ဖြစ်နေပါပြီ)

ရောင်းသူတွေဖက်က စနစ်မကျတာတော့ သေချာပါတယ်၊ ဒါကြောင့် ရုန့်ရင်းဆန်ခတ်တွေ ဖြစ်ရတာပေါ့။ ဒါတောင် ရဲလုံခြံုရေးတွေ အများကြီးယူထားတာ၊ ၀ယ်သူဖက်ကလည်း အလုပ်လောဘဇောကပ်နေတော့ ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဇွတ်တိုးမှာပဲ၊ ဒါကအပေါ်ယံသဘော ပြောကြည့်တာ၊ နောက်ကွယ်မှာ လေးနက်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်၊ လုပ်စရာလယ်ကလည်းမရှိ၊ မြို့တက်တော့ စက်မှုဇုန်နဲ့ နေ့စားခကလည်း ၃၆၀၀၊ ၀မ်းဝဖို့တောင် လွယ်တာမဟုတ်ဘူး၊ ဒီတော့ ရွှေ့ပြောင်းလုပ်သားဘဝသာ ရောင်ခြည်တစ်စ ဖြစ်ရတော့တာပေါ့။ ကိုရီးယားဘာသာစကား သင်တန်းဆရာ ကိုရီးယားလူမျိုးတစ်ဦးက "သင်တန်းသားတစ်ယောက်က စာမေးပွဲဖြေခွင့်အတွက် လျှောက်လွှာတစ်စောင်ကို ငွေသုံးသောင်းကျော် ပေးနေရတယ်ဆိုတာ များပြားတဲ့ပမာဏလို့ ကျနော်မြင်ပါတယ် " လို့ပြောပါတယ်။ ဟုတ်ပါတယ်၊ လျှောက်လွှာတစ်စောင် သုံးသောင်းသုံးထောင်ဆိုတာ အတော်များတဲ့ငွေကြေးပါ၊ အလုပ်သမားဝန်ကြီးဌာနက ရောင်းတာလား၊ ကုမ္ပဏီတွေကပဲ ရောင်းတာလားတော့ မသိဘူးပေါ့လေ၊ ဒီလျှောက်လွှာစျေးကလည်း အစွန်းရောက်တာပါပဲ။ ဘယ်သူက တာဝန်ခံမယ်တော့ မသိဘူး။

အစွန်းရောက်မျိုးချစ်တွေ၊ အစွန်းရောက်ဒုက္ခတွေကြားမှာ မဇ္စျိမ မဋိပဒါကျအောင်နေတတ်ဖို့ဆိုတာ အခက်သားပါလား ခင်ဗျာ။     ။

မောင်မှန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly