ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire မြန်မာသို့ လာရောက်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire မြန်မာသို့ လာရောက်
နိုင်ငံခြားရေးဝန်ကြီး Hugo Swire နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား လန်ဒန်မြို့၌ ၂၀၁၃ ခု အောက်တိုဘာတွင် တွေ့ရစဉ်။ (Photo - FLICKR)

ဇူလိုင် ၂၉ ရက် ။       ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire သည် ဇူလိုင် ၂၆ နှင့် ၂၇ တို့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့ ၌တွေ့ဆုံခဲ့သည် ဟု UK နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိနိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို အကဲဖြတ်ရန် မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ IDP စခန်းများတွင် နေထိုင်သူများ၊ လူ့မှုခေါင်းဆောင်များ အပြင်ပြည်နယ် အစိုးရနှင့် ပါတွေ့ဆုံခဲ့သည်။ Hugo Swire သည် ဇူလိုင် ၂၈ ၌မူ အစိုးရဝန်ကြီးများနှင့်တွေ့ရန် နေပြည်တော်သို့ သွားခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း သည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဝါရင့်နိုင်ငံရေး ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ နိုဝင်ဘာ ၈ တွင် ကျင်းပမည့်ရွေးကောက်ပွဲများ အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အခြေခံဥပဒေပြောင်းလဲရေးအပါအဝင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Hugo Swire က "နိုဝင်ဘာမှာ ကျင်းပတော့မယ့် သမိုင်းဝင်ရွေးကောက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေချိန်မှာ လာရောက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါ တယ်။ မြန်မာနိုင်ငံဟာ ၂၀၁၁ ကစပြီး ကြီးမားတဲ့ပြောင်းလဲမှုကြီးတွေကို လုပ်ဆောင်နေတာပါ။ ရွေးကောက်ပွဲတွေဟာလည်း အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် မှာ အရေးကြီးတဲ့ မှတ်တိုင် တစ်ခု ဖြစ်ပါလိမ့်မယ်။

ဒီခရီးစဉ်ကနေ ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ ရွေးကောက်ပွဲတွေဟာ အများယုံကြည်မှုရှိရမယ်။ ပါဝင်သင့်သူအားလုံး ပါဝင်ရပါမယ်။ နောက်ပြီး လူ့အခွင့်အရေး ကိုလေးစားမှုနဲ့ဆောင်ရွက် ရပါမယ်။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်းကူးပြောင်းမှုအတွက် အကူအညီပေးဖို့ ဗြိတိန်က ကတိပြုထားပါတယ်။ နောက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကူအညီတွေပေးနေ ပြီးပြည်တွင်း ကရွေးကောက်ပွဲ လေ့လာစောင့်မယ့်သူတွေကိုလည်း သင်တန်းတွေပေးနေပါတယ်။" ဟု ပြောသည်။

ထို့ပြင် "ရခိုင်ပြည်နယ်ကို ဒုတိယအကြိမ် သွားရောက်နိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော်ကျေနပ်မိပါတယ်။ ရခိုင်နဲ့ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းက လူတွေနဲ့ တွေ့ဆုံခဲ့တယ်။ ပြီးတော့ အိုင်ဒီပီ IDP စခန်းတွေမှာ နေကြရတဲ့ မွတ်စလင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းရင်းနှီးနှီး ပြောဆိုခဲ့ပါတယ်။ ဆက်လက်ကြုံတွေ့ရင်ဆိုင်နေရဦးမယ့် အခက်အခဲတွေကို တိုက်ရိုက်ပြောကြားတာကို နားထောင်ခဲ့ရတယ်။

ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းရေး ရေရှည်အစီအစဉ်များနဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေကို နားထောင်ဖို့ နိုင်ငံခြားက အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။ ကျွန်တော့်ရဲ့ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်တွေနဲ့ပတ်သက်ပြီး အမြန်လိုအပ်မှု အပါအဝင် လူ့အခွင့်အရေးပြဿနာ တွေနဲ့ပတ်သက်လို့ စိုးရိမ်မှုရှိပါတယ်။

ရခိုင်ပြည်နယ်က အချို့နေရာတွေမှာ တိုးတက်မှုအနည်းငယ်ရှိလာတာကို ကြိုဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ လုပ်စရာတွေကတော့ အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက လူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကဏ္ဍတွေမှာ လုပ်ဆောင်ပေးမှုက လုံလောက်မှု မရှိသေးပါဘူး။

ဒီလိုကြောက်မက်ဖွယ် အခြေအနေအတွက် ကြာရှည်ခံမဲ့ ဖြေရှင်းချက်တစ်ခုရဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ သင့်လျော်တဲ့သူအားလုံးအတွက် နိုင်ငံသား ဖြစ်ခွင့်ပေးရာမှာ ပွင့်လင်းမြင်သာရှိတဲ့၊ မျှတတဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ပဲ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဗြိတိန်ဟာ ယခုနှစ် ထပ်ဆောင်းပေးတဲ့ ပေါင် ၆ ဒသမ၂သန်း အပါအဝင် ရခိုင်ပြည်နယ်ကို ၂၀၁၂ ကတည်းကစပြီး စုစုပေါင်း ပေါင် ၁၈ သန်းကျော် အကူအညီပေးထားပြီးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ခရီးစဉ် အတွင်းမှာ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုအကူအညီအတွက် အကြီးမားဆုံး လှူဒါန်းသူတစ်ဦးအနေနဲ့ ကျွန်တော်တို့ဆောင်ရွက်နေတဲ့ မတူကွဲပြာတာတွေကို မျက်မြင်တွေ့ခွင့်ရခဲ့ပါတယ်။" ဟု ဆက်လက်ပြောကြားခဲ့သည်။

ရခိုင်တွင် Hugo Swire သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ကုလအေဂျင်စီများအပြင် ရွှေစေတီဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ဇူလိုင် ၂၇ နေ့လယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်၌ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာများ ဆွေးနွေးသည်။ ထို့အပြင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းတွေ့ဆုံခဲ့သည်။

မစ္စတာဆွိုင်ယာသည် ဇူလိုင် ၂၈ ကလည်း ရွေးကောက်ပွဲများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စများ ဆွေးနွေးရန် ဦးအောင်မင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် အပါအဝင် အစိုးရဝန်ကြီးများနှင့်တွေ့ဆုံ ရန် နေပြည်တော်သို့ သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly