ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ရေးဆွဲမှုကို စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဝေဖန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ရေးဆွဲမှုကို စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဝေဖန်

ရန်ကုန်၊ မတ် ၂၈ ။                 ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးဘတ်ဂျက်ရေးဆွဲမှုကို သေသေချာချာ စစ်ဆေးသင့်ပြီး ဖြတ်တောက်သင့်သည်များကို ဖြတ်တောက်ရန် တိုင်းဒေသကြီး ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုခဲ့သည်။

မတ်လ ၂၈ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(တတိယ)နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်၌ ဆွေးနွေးစဉ် ကိုယ်စားလှယ်များက ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

"အစိုးရအဖွဲ့က သေသေချာချာဖိဖိစီးစီးနဲ့ စစ်ဆေးမဖော်ထုတ်ဘူးဆိုရင် နေရင်းထိုင်ရင်းနဲ့ အစိုးရရဲ့ ဂုဏ်သိဏ္ခာတွေ ကျဆင်းမှာ ဖြစ်ပါတယ်" ဟု ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မှတ်ချက်ပြု ပြောဆိုခဲ့သည်။

အစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှုကို လွှတ်တော်ကိုယ်စားလှယ်များက လေ့လာရာတွင် ဦးစားပေး လုပ်ဆောင်ရန် မသင့်လျော်သည့် လုပ်ငန်းများကို တွေ့ရှိရခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ အလေအလွင့်မဖြစ်စေရန် ၎င်းလုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တားမြစ်ပေးဖို့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက လွှတ်တော်၌ သုံးသပ်ချက်အစီရင်ခံစာပေးပို့ပြီး ဆွေးနွေးခဲ့သည်။

"ကျွန်မတို့ကိုယ်စားလှယ်တွေ အများစုဆွေးနွေးခဲ့ကြတဲ့ သန်းတစ်ထောင်တန် တံတားတွေကိစ္စဆို ပြုပြင်ထားတာ ဘာမှမတွေ့ရပါဘူး" ဟု ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အစိုးရတင်သွင်းလာသည့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ဝေဖန်ပြောဆိုခဲ့သည်။

ယခုဘဏ္ဍာနှစ်အတွင်း မြို့တော်စည်ပင်သာယာပိုင် ဂေါက်ကွင်းနှစ်ကွင်း၏ ပြုပြင်ထိန်းသိမ်းစရိတ်များ၊ ဆိပ်ကမ်း၊ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်များတွင် တည်ဆောက်ရန် တင်ပြထားသည့် ခုံးကျော်တံတားများ တစ်စင်းလျှင် ကျပ်သန်းတစ်ထောင် တောင်းခံထားမှုနှင့် အစိုးရအဖွဲ့၏ E-Government လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျပ်သန်း တစ်ထောင် တောင်းခံထားမှုများအပေါ် မသင့်လျော်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောဆိုခဲ့သည်။

ထို့အပြင် လမ်းသန့်ရှင်းရေးကားများကို ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီမှ ဝယ်ယူရာတွင် ကာလတန်ကြေးထက် ပိုမိုများပြားနေသည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သော်လည်း
ယခုဘဏ္ဍာနှစ်တွင်လည်း ယခင်စျေးနှုန်းအတိုင်း အဆိုပါ ယာဉ်လေးစီး ထပ်မံဝယ်ယူသွားမည်ဟု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ထည့်သွင်းတောင်းခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required