ဘယ်သူ့ကို အားနာသင့်ပါသလဲ

ဘယ်သူ့ကို အားနာသင့်ပါသလဲ

“ကျောင်းပြင်ကနေ အခန်းထဲကို ဂုတ်ကနေဆွဲပြီး ခေါ်လာချင်လိုက်တာ”

ဦးလေးဖြစ်သူရဲ့ ဒေါသနဲ့ပြောနေတဲ့အသံကြောင့် စကားဝိုင်းရဲ့ အနီးမှာရောက်နေတဲ့ ကျွန်မမှာ စိတ်ဝင်တစား သေချာနားစွင့်နေမိပါသည်။

“မလေးရယ် စဉ်းစားကြည့် ကျွန်တော်က မဖြေနိုင်လို့ စောစောအခန်းထဲက ထွက်လာတာလားသားလို့ မေးတာကို သူက မဟုတ်ဘူးဆရာ ကျွန်တော်က ဖြေကို မဖြေချင်တာ အမေ့ကိုအားနာလို့ လာဖြေနေတာ တကယ်ဆို လာကိုမလာချင်တာတဲ့။ ကျွန်တော်လေ ကိုယ့်တူကိုယ့်သားဆို အဲဒီနေရာမှာတင် ရိုက်မိမယ်” ဟု ဦးလေးက မေမေ့ကို ပြောပြနေတာဖြစ်ပါသည်။

စာမေးပွဲအခန်းထဲက အချိန်မစေ့ခင် ထွက်လာတဲ့ကျောင်းသားတစ်ဦးအတွက် ကျွန်မရဲ့ဦးလေး ကျောင်းဆရာခဗျာ ဂရုဏာဒေါသော ဖြစ်နေရှာပါသည်။

မတ်လ ၈ ရက်က စတင်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲက အခုဆိုရင် လေးဘာသာပြီးစီး သွားပြီဖြစ်ပါသည်။ သချင်္ာဖြေဆိုတဲ့နေ့က အခန်းစောင့်အဖြစ်တာဝန်ယူခဲ့ရတဲ့ ဦးလေး ကျောင်းဆရာရဲ့ ပြောစကားတွေကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်က ကိုယ်ဖြေဆိုခဲ့ရတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ပြောင်းသတိရမိသွားပါသည်။

နတ်ကြီးလှပါတယ်ဆိုတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေမယ့်ရက်မှာ အမေ့ကို အားနာလို့ စာမေးပွဲအခန်းထဲဝင်ခဲ့ရသူတွေအကြောင်းကိုရှေ့ဆုံးက ပြေးမြင်မိပါသည်။ နှစ်တွေဘယ်လိုပြောင်းပြောင်း စာမေးပွဲမေးခွန်းပုံစံတွေ ဘယ်လိုပဲရှိရှိ အားနာလို့ စာမေးပွဲလာဖြေသူတွေကတော့ ဟိုးအရင်ကလိုပဲ မပြောင်းလဲဘဲ ရှိနေဆဲပါကလား။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကလည်း မိခင်ကို အားနာလို့ စာမေးပွဲလာဖြေဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကို သိဖူးကြုံဖူးပါသည်။ စာတွေလည်း သေချာမရဘဲစိတ်ပင်ပန်းကြီးစွာနဲ့   နေ့စဉ်စာမေးပွဲအခန်းမှာ အချိန်ဖြုန်းနေတဲ့ လူတစ်ယောက်အနေနဲ့ သူ့ကို  ရ ရက်လုံးလုံး မြင်ခဲ့ရပါသည်။ ဖြေနိုင်လားလို့ မေးလိုက်တဲ့အချိန်တိုင်း ငါ့အတွက်ဖြေနိုင်တာ မဖြေနိုင်တာ အရေးမကြီးဘူး ငါ့အမေကို အားနာလို့ လာဖြေနေတာ လို့ ပြောခဲ့ဖူးတာကိုလည်း ပြန်ကြားယောင်မိပါသည်။

သို့သော် ထိုသူငယ်ချင်းရဲ့ မိခင်ကတော့ နေ့စဉ် ကျောင်းဝန်းအပြင်ဘက်က သစ်ပင်ရိပ်အောက်မှာ သူ့သားထွက်လာတာကို စောင့်ကြိုနေပေးတာကိုလည်း စာမေးပွဲတစ်လျှောက်လုံး မြင်တွေ့ခဲ့ရပါသည်။   နောက် သုံးလနေလို့ အောင်စာရင်းထွက်တဲ့အခါမှာတော့ သူမျှော်မှန်းထားသလို အောင်စာရင်းမှာ သူ့သားနာမည် မပါတဲ့အခါ ထိုမိခင် ယူကျံုးမရဖြစ်ပြီး နာတာရှည်ရောဂါတစ်ခုကို ရင်ဆိုင်လိုက်ရသည်။

အချိန်တွေ ဘယ်လိုပြောင်းလဲပြောင်းလဲ မတ်လရဲ့ နွေပူပူရောက်လာပီဆို ထီးတွေကိုယ်စီနဲ့ လက်ထဲမှာလည်း ကိုယ်ယုံကြည်အားထား ယူလာရတဲ့ အဆောင်ပစ္စည်းလေးတွေကို အသေအချာဆုပ်ကိုင်လို့ ပါးစပ်က တတွတ်တွတ်ရွတ်နေတဲ့ မိခင်အများအပြားကို စာမေးပွဲကျင်းပရာ စာစစ်ဌာနကျောင်းတွေရဲ့ တံခါးရှေ့တွေမှာ တွေ့နိုင်ပါသည်။

သည်လိုအချိန်မျိုးမှာတော့ ဓနိမိုး ထရံကာ အိမ်လေးအတွင်းထဲက မကျယ်ဝန်းတဲ့ဘုရားကျောင်းဆောင်ပေါ်မှာ ဖယောင်းတိုင် အမွှေးတိုင်တွေကို သုံးနာရီလုံးလုံး မပြတ်တမ်း ထိုင်ထွန်းနေတဲ့ အမေတွေ၊ အသီးတွေ အရွက်တွေကို ပုံစံအမျိုးမျိုးနဲ့ စီတန်းထားရင်း စာမေးပွဲခန်းထဲက ကိုယ့်သားသမီးကို မှန်းပြီး မေတ္တာပို့ပေးနေတဲ့ အမေတွေကိုလည်း ဗမာပြည်တနံတလျား တွေ့နိုင်ပါသည်။

အလုပ်တွေ မအားလို့ ကိုယ့်သားသမီး စာမေးပွဲသွားဖြေတဲ့ကျောင်းကို မလိုက်နိုင်ပေမယ့် အလုပ်လုပ်ရင်းတန်းလန်းနဲ့ ဟိုလူ့ကိုလှမ်းမေးလိုက် ဒီလူ့ကို လှမ်းမေးလိုက်နဲ့ သားသမီးတွေ   ပြန်လာမယ့်လမ်းကို အလုပ်တွေလုပ်ရင်း မျှော်နေတဲ့ အမေတွေလည်း ရှိပါသည်။

ကျွန်မရဲ့ ဦးလေးကျောင်းဆရာကတော့ ကျောင်းဆရာဖြစ်သည်မို့ စိတ်တိုပေမယ့် ဘာမှ ပြောလိုက်ပုံမရ။ တကယ်ကတော့ အမေ့ကို အားနာလို့ စာမေးပွဲလာဖြေတဲ့ ကျောင်းသားတွေကို ပြောသင့်တာက ပင်ပန်းနေရင် လာမဖြေပါနဲ့တော့ နောက်နှစ် စာတွေရအောင်ကျက်ပြီး ဘယ်သူ့ကိုမှ အားမနာရတော့မယ့် အချိန်ကျ အေးအေးဆေးဆေး လာထပ်ဖြေပါဆိုတဲ့စကားကိုတော့ ပြောဖို့သင့်သည် ထင်ပါသည်။

တက္ကသိုလ်ဝင်တန်းဆိုသည်မှာ လွယ်လွယ်ပြောရလျင်် ဆယ်တန်းလို့ဆိုကြပါစို့။ ကိုးတန်းပြီးလို့ ဆယ်တန်းစပြီး တက်ရတော့မယ်ဆိုတာနဲ့ ရက်ပေါင်း ၃၆၅ ရက်မက စာတွေကျက်ခဲ့ရသည်။ ကိုးတန်းစာမေးပွဲဖြေပြီးတာနဲ့ အလွန်ဆုံး တစ်ပတ်လောက်နားပြီး ဆယ်တန်းစာတွေ စ ကျက်ခဲ့ကြရပါသည်။ ဒါတွေကရော ဘယ်သူ့ကို အားနာပြီး ကျက်ခဲ့တာပါလဲ။

တစ်နှစ်ပတ်လုံးလည်း အရင်ပုံစံနဲ့ မတူတဲ့ စာကျက်ချိန်တွေကို အပင်ပန်းခံပြီး တွက်ချက် လေ့ကျင့်ခဲ့ကြသည်။ မနက်စောစောက စလို့ ညဉ့်နက်တဲ့အထိ ဆယ်တန်းကျောင်းသားနဲ့ တူအောင် စာတွေလုပ်ခဲ့သည်။ တစ်နှစ်နဲ့ တစ်နှစ် ပိုတော် ပိုတတ်တဲ့ ကျောင်းသားတွေများလာတဲ့ ခေတ်ကြီးမှာ ကိုယ်ကျန်မနေခဲ့ရအောင် ကြိုးစားခဲ့ကြသည်။ ဒီလိုအကြောင်းတွေကရော ဘယ်သူ့များ အားနာခဲ့လို့ပါလဲ။

မည်သို့ပင်ဆိုစေကာမူ မိခင်တိုင်းကိုတော့ အမှန်တကယ်ကို အားနာဖို့ကောင်းလှပါသည်။ တက္ကသိုလ်ဝင်ခွင့်တွေ ကျင်းပချိန်ကြကာမှ မိခင်တွေကို အားနာလို့ သွားဖြေစရာလိုသည်မဟုတ်။ စင်စစ်က မွေးကတည်းက အားနာသင့်ပေသည်။ အခုတော့ ဘာသာလေး ရ ခုကို ရ ရက်တာ ဖြေဆိုမည့် အချိန်ကျမှ အားနာနေမည်ဆိုပါက တရားလှမည်မဟုတ်လှပေ။

တပါးသူကို အားနာလို့ ကြိုးစားအားထုတ်သူတို့ရဲ့ အောင်မြင်မှုက အဘယ်မှာနည်း။ ကိုယ်ကိုယ်တိုင် ဘယ်သွားလို့ ဘာလုပ်ချင်မှန်း မသိတဲ့ လူငယ်တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်က ဘယ်နားမှာနည်း။ အမှန်တကယ်က အားနာသင့်သည်မှာ မည်သူ့ကိုပါလိမ့်။

လူတော်တွေကို ထုတ်ကုန်လို တစ်နှစ်တစ်ကြိမ် ပုံမှန်မွေးထုတ်ပေးနေတဲ့ အရည်အချင်းစစ်စာမေးပွဲကြီးအတွက် တစ်နှစ်ပတ်လုံး အပတ်တကုတ်ကြိုးစားခဲ့ရ၊ နေချင်သလို မနေခဲ့ရဘဲ ကျန်းမာရေးကို ဂရုစိုက်ခဲ့ရ၊ အခန်မသင့်ရင် စိတ်ဖိစီးမှုတွေနဲ့ စိတ်ရောဂါပါ ရနိုင်တဲ့ အခြေအနေကို အကောင်းဆုံး ကျော်ဖြတ်ခဲ့ရတဲ့ မိမိကိုင်တိုင်ကိုသာ အဓိကထား အားနာရမှာ ဖြစ်သည်။ မိမိကိုယ်ကိုသာ ပထမဦးစားပေး အားနာရမည်သာဖြစ်သည်။

ထို့ကြေင့် အားနာသင့်သည့် အကြောင်းအများနှင့်အတူ မည်သူ့ကို အဘယ်ကြောင့် အားနာသင့်ပါသလဲဆိုတာကို သေသေချာချာသိပြီးမှ စာမေးပွဲခန်းထဲ ဝင်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required