ကစားသမားများကို ထိန်းသိမ်းမှုအားနည်းသောကြောင့် မန်စီးတီးအသင်း ပေါင်သုံးသောင်းခွဲ ဒဏ်ရိုက်ခံရ

ကစားသမားများကို ထိန်းသိမ်းမှုအားနည်းသောကြောင့် မန်စီးတီးအသင်း ပေါင်သုံးသောင်းခွဲ ဒဏ်ရိုက်ခံရ

မတ် ၂၈၊ အင်္ဂလန် ။            ။ လီဗာပူးလ်နှင့်တစ်ဂိုးစီသရေကျခဲ့သည့်ပွဲစဉ်တွင် ကစားသမားများကို ထိန်းသိမ်းမှုညံ့ဖျင်းသည့်အတွက် မန်စီးတီးအသင်းကို အက်ဖ်အေက ဒဏ်ငွေ ပေါင်သုံးသောင်းခွဲ   ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။

အီတီဟတ်ကွင်းတွင် ကစားခဲ့သည့် ထိုပွဲစဉ်တွင် ပွဲချိန် မိနစ် ၅၀ ၌ မန်စီးတီးနောက်ခံလူကလစ်ချီက လီဗာပူးလ်တိုက်စစ်မှူးဖာမီနိုကို ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့သောကြောင့် ဒိုင်လူကြီးက ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို မန်စီးတီးကစားသမားများက မကျေနပ်သည့်အတွက် ဒိုင်လူကြီးကို ၀ိုင်းဝန်စောဒကတက်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

‘အက်ဖ်အေရဲ့စွဲချက်ကို မန်စီးတီးအသင်းက လက်ခံခဲ့တာကြောင့် လွတ်လပ်သောကြားနာမှုအဖွဲ့က မန်စီးတီးအသင်းကို ဒဏ်ငွေ ပေါင်သုံးသောင်းခွဲချမှတ်လိုက်ပါတယ်။

၂၀၁၇ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ မန်စီးတီးအသင်းသားတွေဟာ ပွဲချိန်မိနစ် ၅၀ ပတ်ဝန်းကျင်မှာ အက်ဖ်အေရဲ့စည်းမျဉ်း E20(a)ကို ချိုးဖောက်ခဲ့ပါတယ်။ မန်စီးတီးအသင်းကလည်း သူတို့ရဲ့ကစားသမားတွေကို ထိန်းသိမ်းမှုအားနည်းခဲ့ပါတယ်’ ဟု အက်ဖ်အေ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required