One Championship

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူစိတ်ဝင်စားမှု ဘာကြောင့် နည်းနေတာလဲ (အပိုင်း ၃)

.

 

ဦးမျိုးသန့်

Editor, Mizzima Media

ဆရာမကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်တဲ့အခါကျတော့ ဥပဒေပြုရေးမှာ ပါဝင်ပတ်သက်ကြမှာပေါ့နော်။ ဆိုတော့ အခြေခံဥပဒေကတော့ တော်တော်လေးကို မြင့်မားတဲ့ ရည်မှန်းချက်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခြေခံအဆင့် ခုနကပြောသလို ရွေးကောက်ပွဲဥပဒေလိုမျိုး နည်းဥပဒေလိုမျိုး အဲဒါမျိုးကိုရော ကျွန်တော်တို့ လုံးပမ်းတာ ပြင်ဆင်ဖို့ ကြိုးစားတာမျိုးရော ရှိပြီလား။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ရွေးကောက်ပွဲဥပဒေကိုတော့ ကျွန်မ သေချာမသိဘူး။ ဒါပေမယ့် ပြည်ထောင်စုအဆင့်မှာလည်း ပြုပြင်နေတဲ့ တစ်နှစ်အတွင်းမှာ တော်တော်လေးပဲ ပြုပြင်တယ် ဖျက်သိမ်းတယ် ဒါတွေလည်း စသည်ဖြင့် တွေ့ကြမှာပါ။ မလုပ်တာတော့မဟုတ်ဘူး လုပ်နေတယ်ပေါ့နော်။ ဥပမာ ကျွန်မတို့ အမျိုးသမီးနဲ့ ကလေးသူငယ် ကော်မတီဆိုလို့ရှိရင်လည်း အမျိုးသမီးအခွင့်အရေးအတွက် ဒါဆိုရင် အမျိုးသမီး ဥပဒေအတွက်ဆိုလို့ရှိရင်လည်း တော်တော်လေးကိုပဲ နဂိုပြထားတဲ့ ဥပဒေတွေနဲ့က သွားပြီးတော့ ပြဿနာရှိနေတာလေးတွေရှိတော့ လုပ်တော့လုပ်နေတယ် ဒါပေမယ့် အတိုင်းအတာတစ်ခုအထိ တစ်နှစ်တာကာလအတွင်းမှာ လုပ်ရတာတွေကလည်း များတဲ့အခါကျတော့ တချို့ကိစ္စလေးတွေမှာတော့ မပြီးမြောက်သလိုဖြစ်တယ်ပေါ့နော်။

 ပြီးတော့ ကိုစိုင်းပြောသွားတာကိုလည်း ကျွန်မ သဘောတူပါတယ်။ ကျွန်မတို့ ဒီငါးနှစ်ကလည်း ကျွန်မမဲဆန္ဒနယ်မှာ မဲဆွယ်တုန်းကလည်းပြောတယ်။ ကျွန်မ တခြားနေရာတွေရောက်ရင်လည်း ပြောပါတယ်။ ဒါပေမယ့် ကျွန်မတို့အတွက်က ဖောင်ဒေးရှင်းလောက်ပဲဖြစ်မှာ။ ငါးနှစ်ဆိုတာက ကျွန်မတို့အတွက် ပျက်နေတာကြီးကို ပြင်ရတာ တချို့ကပြောကြတယ် ဒီပျက်နေတာကြီးကိုပဲ ပြောကြတယ် လုပ်လို့ရတာတွေလုပ်ပေါ့။ လုပ်လို့ရတာတွေလုပ်နေပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ တော်တော်လေးကို စွဲယူပြီးတော့ လုပ်ရတာတွေရှိတော့ ကျွန်မတို့က ဒီငါးနှစ်က ဖောင်ဒေးရှင်း တကယ့်ကို ငါးနှစ်အတွင်းမှာ အောင်မှတ်ရအောင်တော့ ကြိုးစားရမှာပေါ့။ တကယ်လို့ ဂုဏ်ထူးထွက်ချင်ရင်တော့ နောက်ငါးနှစ်ဆိုရင်တော့ ထွက်ချင်ထွက်မှာပေါ့။

ဦးမျိုးသန့်

Editor, Mizzima Media

အဲတော့ ကိုစိုင်း ပြီးခဲ့တဲ့ကာလမှာတော့ တော်တော်လေးကို ရယ်စရာတွေဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲနဲ့ဆက်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင်ပေါ့့။ ဥပမာဆိုကြပါစို့ မဲစာရင်းက လူသေတဲ့သူတွေပါနေတာ နံပါတ်တွေမမှန်တာ မွေးနေ့တွေမမှန်တာ အခုကြားဖြတ်ရွေးကောက်ပွဲမှာရော နေရာကလည်း ၂၀ လောက်ပဲရှိတာကို အဲတော့ ဒီနေရာ ၂၀ လောက်ကိုရော ရွေးကောက်ပွဲကော်မရှင် အသစ်ပေါ့နော် အဲဒါတွေကိုရော မှန်အောင် လုပ်နိုင်နေပြီလား။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

ကျွန်တော်တို့ ကော်မရှင်ကို အသိအမှတ်ပြုရမှာက ဒီမဲစာရင်း မှားတယ်ဆိုတာကို သူ အသိအမှတ်ပြုတယ်။ အဲဒါကိုလည်း သူဝန်ခံတယ်။ ဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော်မရှင်က ဒါကိုပြင်ဖို့ ကြိုးစားတဲ့နည်း တစ်နည်းရှိတယ်။ အဲဒါကို တစ်အိမ်တက်ဆင်း မဲဆန္ဒနယ်ကိုကောက်တယ်။ အဲဒီနည်းနဲ့ မဲဆန္ဒနယ်ကို သူပြင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ ကျွန်တော်တို့ရဲ့ ဆန်းစစ်ချက်အရ တစ်အိမ်တက်ဆင်း ကောက်ပြီးတဲ့အခါမှာ လေ့လာစမ်းစစ်မှုတွေလုပ်တယ်။ တကယ်ပဲ Draw to Draw ဖြစ်ခဲ့သလားလို့ မေးတဲ့အခါမှာတော့ ကျွန်တော်တို့ တစ်အိမ်တက်ဆင်း မဲတွေ လာကောက်သွားတဲ့အခါ တကယ်တမ်းကျတော့ သိပ်မများဘူး။ ကျေးလက်နဲ့ မြို့ပြ ယှဉ်ကြည့်လို့ရှိရင် ကျေးလက်မှာဆိုရင် ကျွန်တော်မေးကြည့်တယ်။ တစ်ဝက်က သူတို့အိမ်ကို တစ်အိမ်တက်ဆင်း လာကောက်သွားတယ်။ ကျန်တဲ့တစ်ဝက်က သူတို့အိမ်ကို မလာဘူးလို့ပြောတယ်။ ဆိုတော့ ပြင်လားဆင်လားလို့ ပြောတဲ့အခါမှာလည်း ၉၂ ရာခိုင်နှုန်းလောက်ကတော့ လာကောက်တဲ့အချိန်မှာ မပြင်ဘူးလို့ ပြောကြတယ်။ ဆိုတော့ ကျွန်တော်ထင်တယ် ဒီမဲစာရင်းက ဒီအတိုင်းပဲ ရှိနေတုန်းပဲ။ အရင်ကထက်တော့ ပိုကောင်းလာကောင်း ကောင်းလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Draw to Draw ကောက်ထားတာကို။ ဒါပေမယ့်လည်း အခြေခံအားဖြင့်တော့ ဒီမဲစာရင်းက အခုချိန်ထိ ကျွန်တော်တို့ မသိပေမယ့်လည်း ဆိုတော့ ကျွန်တော်ထင်တယ် ဒါက အရေးကြီးတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲစာရင်းက ရွေးကောက်ပွဲတစ်ခုတည်းမဟုတ်ဘူး တကယ်လို့သာ ကျွန်တော်တို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်မယ်ဆိုရင် ကျွန်တော်တို့   သေချာသိရဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ တစ်ဝက်ကကျတော့ မဲလာထည့်တဲ့သူရဲ့ ဦးရေမဟုတ်ဘူး မဲပေးနိုင်တဲ့ဦးရေ တစ်ဝက်ကျော်က မဲလာပေးမှဖြစ်မှာကို။ အနိုင်ရမှာကို။ ဆိုတော့ ကျွန်တော်တို့က ဒီမဲစာရင်းမှာ ဘယ်လောက်များများရှိတယ်ဆိုတာကို ကျွန်တော်တို့ သိရဖို့က အရေးကြီးတယ်။ ဒါက ကျွန်တော်ထင်တယ် လက်ရှိအစိုးရအတွက်ရော အခြားသူတွေအတွက်ရော အလွန်အရေးကြီးတဲ့ကိစ္စပဲ ဆိုတော့ လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့ မဲစာရင်းရဲ့ ပြဿနာကို အသေအချာမသိဘူး။ အတိမ်အနက်ကို ဒါပေမယ့် အရင်မဲစာရင်းပဲ သုံးနေတုန်းပါပဲ။

ဦးမျိုးသန့်

Editor, Mizzima Media

ဒီကိစ္စမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေရော လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရောပေါ့နော် တိုက်ရိုက် ပတ်သက်နေတယ်လို့တော့ ကျွန်တော်ထင်တယ်။ ဆိုတော့ သူတို့ရဲ့ အကူအညီပေးမှုကရော ဘယ်လိုရှိလဲ။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ကျွန်မကလည်း အဲဒါကတော့လေ ကိုယ်စားလှယ်တွေဘက်က မဲစာရင်းအနေအထား ဘယ်လိုစိစစ်လည်းမသိဘူး။ ၂၀၁၅ တုန်းကတော့ ကျွန်မတို့ကိုယ်တိုင်လည်း မဲစာရင်း တစ်အိမ်အတက် အဆင်းတွေကိုက ကျွန်မတို့ကိုယ်တိုင်လည်း စိစစ်တာဆိုတော့ ဒါပေမယ့် ဒီတစ်ခေါက်တော့ မဲစာရင်းကြေညာတာကတော့ မိသားစုနဲ့ ကြေညာပေးတယ်လို့တော့ ပြောတယ်။ အဲဒါမျိုးလေးကတော့ ကိုယ်စားလှယ်တွေကိုလည်း ပါတီကနေလည်း ညွှန်ကြားနေတယ်ပေါ့နော်။ လက်ရှိကိုယ်စားလှယ်တွေရော အရင်ကိုယ်စားလှယ်တွေရော ကူညီပြီးတော့ မဲစာရင်းကိစ္စလည်း ပြီးခဲ့တဲ့ ၂၀၁၅ လိုပဲ သူတို့ စိစစ် ဆောင်ရွက်မှာပါ။ ပြီးတော့ မိသားစုလိုက် ကြေညာပေးတယ်ဆိုတော့လည်း ကျန်ခဲ့တယ်ဆိုလို့ရှိရင်လည်း နည်းနည်းလေး သိရတာပေါ့နော်။

ဦးမျိုးသန့်

Editor, Mizzima Media

အဲတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောတယ်။ သိကြားမင်းဆင်းစစ်ရင်တောင်မှ မှန်နိုင်မှာမဟုတ်ဘူးဆိုတော့ အဲတော့ ဘာအချက်တွေများ ထပ်ပြီးတော့ လွဲနေသေးတာလဲ။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

အဲဒီအစည်းအဝေးတုန်းက ကျွန်တော်လည်းရှိပါတယ်။ သူအဓိကပြောတဲ့အချက်ကကျတော့ လှိုင်သာယာ သူက လှိုင်သာယာအတွက်ကိုပြောတာ။ အဲဒီမှာက ရှုပ်ထွေးတယ်။ အလုပ်လုပ်တဲ့လူတန်းစားက အရမ်းများတယ်။ ဆိုတော့ သူတို့ကောက်တဲ့ ကော်မရှင်ဝန်ထမ်းတွေရောပေါ့ နေ့လည်ဘက်သွားတယ် လူမရှိဘူး ညဘက်ပြန်လာတဲ့အခါကျတော့လည်း မိုးက အရမ်းချုပ်နေပြီ။ ဆိုတော့ ကောက်တဲ့သူတွေကလည်း မသွားချင်တော့ဘူး။ ဥပမာဆိုကြပါစို့ အဲဒီအချိန်မှာဆိုရင် သောက်ထားစားထားကြတာဆိုရင် ရိုက်တောင် အလွှတ်ခံရတယ်ပေါ့ဗျာ။ ဒီမဲစာရင်းက ကျွန်တော်တို့ အကောင်းဆုံးလုပ်တယ်။ ကျွန်တော်တို့ထက်ကို သိကြားမင်း လာဆင်းကောက်ရင်တောင်မှ ဒီလောက်ပဲမှန်မယ်လို့ သူပြောချင်တာပါ။ ဒါပေမယ့် ကျွန်တော်ထင်တယ်ဗျ စဉ်းစားရမှာကျတော့ ပထမတစ်ချက်ကကျတော့ ကျွန်တော်စိတ်ထင် ဒီမဲစာရင်းက တကယ်ပဲ မှန်သလားမှားသလားဆိုတာ ကျွန်တော်တို့ စမ်းစစ်ဖို့လိုတယ်။ အဲဒါက ဘယ်သူမှမသိဘူး။

ဆိုတော့ ကျွန်တော်တို့ ၂၀၁၅ မှာတုန်းကတော့ တောင်ဥက္ကလာမှာ ပြဿနာတွေရှိကြတယ်။ ပုဇွန်တောင်တို့ တာမွေတို့မှာလည်း ပြဿနာတွေရှိကြတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် တကယ်ပြဿနာဖြစ်လားဆိုတာကို ကျွန်တော်တို့ အတိအကျမသိဘူး။ အဲဒါကို ကျွန်တော်တို့ တကယ်ပဲ စမ်းစစ်ရမယ်။ တကယ်ပဲမှားသလား မှန်သလားဆိုတာကို။ ဘယ်သူတွေကျန်ခဲ့တာလဲ။ ကျန်ခဲ့တဲ့သူတွေက အမျိုးသမီးတွေလား ဒါမှမဟုတ် ဝေးလံနေတဲ့သူတွေလားဆိုတာကို ကျွန်တော်တို့ သေချာ စနစ်တကျ စမ်းစစ်ဖို့လိုတယ်။ နောက်တစ်ချက်က မဲစာရင်းကို ဒီထက်လွယ်ကူတဲ့နည်းနဲ့ လုပ်ဖို့လိုတယ်။ အခုကျတော့ စာရွက်စာတမ်းတွေက အမျိုးစုံဖြစ်နေတယ်။ ကျွန်တော်တို့နိုင်ငံသားတွေက အခုချိန်ထိ ရုံးတွေဘာတွေ သိပ်မသွားချင်သေးဘူး။ အခုချိန်ထိလည်း အဲဒီပြဿနာက ရှိနေတုန်းပဲ။ ဆိုတော့ ဒီထက်ပိုပြီးတော့ လွယ်ကူတဲ့နည်းကိုရှာတာက ပိုကောင်းတယ်။ မဲစာရင်းကတော့ဗျာ ဘယ်မဲစာရင်းကမှ ဒင်ပြည့်ကျပ်ပြည့်ရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးမှာမှ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘာလဲဆိုရင် ဒီမဲစာရင်းကို ပြင်ဆင်နေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း မြင်သာအောင် ပြောပြရမယ်။ အဲတော့မှ ပြည်သူလူထုက ဒီ Process လုပ်နေပါလားဆိုတာကို မြင်ရမယ်။ အခုကျတော့ ကျွန်တော်တို့က မြင်လည်းမမြင်ရဘူး ပြည်သူလူထုက စပြီးတော့ ရုံထင်ကြောင်ထင် စဖြစ်တာပေါ့နော်။ ကျွန်တော်ကတော့ စိတ်ပူတယ်။ ၂၀၂၀ ဆိုတာ ပြောရရင် သိပ်တောင်မဝေးတော့ဘူးပေါ့။ အလယ်တောင်ဖြစ်နေပြီပေါ့။ ဒါကို ကျွန်တော်တို့ အချိန်မှီ မပြင်ဆင်နိုင်ဘူးဆိုရင် ပြဿနာကို သေချာ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ၂၀၂၀ မှာ ဒါက အရေးကြီးတဲ့ ပြဿနာတစ်ခုပါ။

ဦးမျိုးသန့်

Editor, Mizzima Media

ကိုစိုင်းတော့ ထောက်ပြသွားပြိ လေးနှစ်ပေါ့ ကျွန်တော်ထင်တာကတော့ သုံးနှစ်ခွဲလောက်ပဲ အချိန်ရတော့မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာ အကူးအပြောင်းနဲ့ဘာနဲ့ဆိုတော့ အဲတော့ ဒီကိစ္စ ၂၀၂၀ မတိုင်ခင်မှာရော ဒီဟာတွေက ကျွန်တော်တို့ ဒီလို ၂၀၁၅ မှာလိုမျိုး တော်တော် ဆိုးဝါးတဲ့အမှားအယွင်းမျိုးတွေမဖြစ်အောင် ကိုယ်စားလှယ်တွေအနေနဲ့ရော ဘာတွေများ လုပ်နိုင်မလဲ။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

အဲဒါကတော့လေ ပြည်ထောင်စုအဆင့်က ကိုယ်စားလှယ်တွေအနေနဲ့ ခုနက ကိုစိုင်းပြောတဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့ ပြုပြင်တာတွေကတော့ ကျွန်မအမြင်ကတော့လေ ဒီ ၂၀၁၇ ကြားဖြတ်က နည်းနေတာလည်းပါတယ်။ တခြားကိစ္စတွေက အရမ်းများတော့ ပြောရရင် ကိုယ်စားလှယ်တွေကိုယ်တိုင်မှာတောင်မှပဲ ဒီကိစ္စဘက်ကို အာရုံ သိပ်မရောက်ကြတာ ရှိတယ်ပေါ့။ ကျွန်မတို့ဆီမှာတောင်မှပဲ ဥက္ကဋ္ဌကြီးက ၂ ရက် ကြိုပိတ်ပေးမယ်ဆိုမှ အော် .... ဟုတ်တယ် ရွေးကောက်ပွဲတောင်လာတော့မယ် ဒီလိုမျိုးအနေအထားမျိုးတောင် ဖြစ်ကြတယ်ဆိုတော့လေ ဆိုတော့ ပြည်ထောင်စုအဆင့်မှာလည်း ဒီ ၂၀၁၇ ပြီးသွားလို့ရှိရင် ပြီးတော့ ၂၀၁၇ မှာ ဖြစ်လာမယ့် ရလဒ်အပေါ်မူတည်ပြီးတော့ အတိုက်အခံပါတီဘက်ကပဲဖြစ်ဖြစ် လက်ရှိအစိုးရ NLD ဘက်ကပဲဖြစ်ဖြစ် မြန်စရာတွေ အများကြီး ရှိလာဦးမယ်လို့ ကျွန်မ ယူဆတယ်။ ပြီးတော့ သေချာတယ် ၂၀၂၀ အတွက်ဆိုရင် ၂၀၁၈ လောက်ကတည်း စမှရတော့မှာလေ။ ဆိုတော့ အဲဒီအချိန်ကာလမှာတော့ ဒီ ၂၀၁၇ ရလဒ်ပြီးတဲ့နောက်မှာဆိုရင်တော့ ကျွန်မတို့ ပြည်ထောင်စုအဆင့်အနေနဲ့ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့လိုတယ် စောနက ကိုစိုင်းပြောသလိုပဲ ဒီထက် ပိုကောင်းတဲ့ နည်းလမ်း ရှာဖို့လိုလာပြီ။ ဒီမဲစာရင်းကိစ္စက ကျွန်မတို့ ၂၀၁၅ က အရမ်းကို ပင်ပန်းခဲ့တယ်။ ပြီးတော့ အလုပ်မဖြစ်ဘူး။ ဆိုတော့ ဒီထက်ကောင်းတဲ့ နည်းလမ်းတွေ ကျွန်တော်တို့ ရှာဖို့လိုတယ်ပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့ဆီမှာကလည်း မှတ်ပုံတင်တောင် ပြည့်ပြည့်ဝဝ မရှိသေးဘူဆိုတော့ အဲဒါကတော့ အရမ်းခက်တယ်လေ။ အဲလိုမျိုးလေးတွေတော့ ရှိတယ်ပေါ့။ ဒါပေမယ့် ၂၀၁၈ ကျရင်တော့ သေချာတယ် ကျွန်မတို့ လက်ရှိ အာဏာရအစိုးရ NLD လည်း ဒီဟာကို တော်တော်လေး စိတ်ဝင်စားလာပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေးတွေလည်း လုပ်မှာပါ။

အပိုင်း (၁) ကိုအောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် http://www.mizzimaburmese.com/article/25169

အပိုင်း (၂) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်- http://www.mizzimaburmese.com/article/25212