“မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ကချင်ဇာတ်ကား အကယ်ဒမီ အထူးဆုရှင်များကို ကချင်အနုပညာရှင်များ ဂုဏ်ပြုအခမ်းအနားကျင်းပ

“မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ကချင်ဇာတ်ကား အကယ်ဒမီ အထူးဆုရှင်များကို ကချင်အနုပညာရှင်များ ဂုဏ်ပြုအခမ်းအနားကျင်းပ

ချင်းမိုင်၊ မတ် ၂၈ ။             ။ မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ပေးအပ်သော “မနောမြေမှကျောက်စိမ်းကမ္ဘာ” တွင် အကောင်းဆုံး ရုပ်ရှင်အထူးဆုရရှိခဲ့သော ကချင်အနုပညာရှင်များအား မတ်လ ၂၇ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပခဲ့သည်။

၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီအထူးဆု ရရှိခဲ့သူ သရုပ်ဆောင်မင်းသားနှင့် ဒါရိုက်တာ JZ ဒေါင်လွဏ်းနှင့် မိုးမြန်မာမီဒီယာ ရုပ်ရှင်ထုတ်လုပ်ရေးမှ နန်းဆိုင်းလောင်ခမ်းတို့ကို ကချင်အနုပညာရှင်များအသင်းမှ အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

“ကချင်အမျိုးသားများအနေနဲ့ စင်ပေါ်မှာ ရုပ်ရှင်ပိတ်ကားပေါ်မှာ ပါဝင်သရုပ်ဆောင်မှုဟာ နှစ်ပေါင်း ၆၀ တောင် မရှိသေးဘူးလို့ ယူဆရပါတယ်။ အခုလို တိုတောင်းပြီး နုနယ်သေးတဲ့ သက်တမ်းအတွင်းမှာ ကချင်အနုပညာရှင်များရဲ့ ကြိုးပမ်းအားထုတ်မှုဟာ အံ့မခမ်းလောက်အောင် အောင်မြင်မှုများ ရရှိလာတာ ကျနော်တို့ တွေ့မြင်လာရတာဖြစ်ပါတယ်”ဟု ကချင်အနုပညာရှင်များ အသင်း၏ ဗဟိုကော်မတီဝင် ဦးလထော်ဇော်ဒိန်က အခမ်းအနားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ကချင်အနုပညာသမိုင်းတွင် နိုင်ငံတော်အဆင့် အကယ်ဒမီ ရရှိသည့်အတွက် ယခုကဲ့သို့ ကချင်အနုပညာရှင်များက ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဂုဏ်ပြုချီးမြှင့်ရေးနှင့်   မော်ကွန်းထိန်းဆပ်ကော်မတီနှင့် ပွဲဖြစ်မြောက်ရေးတာဝန်ခံ အဆိုတော် ကိုဇုန်းကီးက ပြောသည်။

ယခုကဲ့သို့ အောင်ပွဲခံပျော်ရွှင်နေချိန်တွင် ပျော်ရွှင်ခွင့်မရှိသည့်၊ ပျော်ရွှင်နိုင်ခြင်းမရှိသည့် ကချင်သွေးချင်းများကိုလည်း အောက်မေ့သတိရကြောင်း ဦးလထော်ဇော်ဒိန်က ပြောခဲ့သည်။

“မပြီးဆုံးတဲ့ ပြည်တွင်းစစ်ကြောင့် ကိုယ်လွတ်ရုန်းပြီး အိုးအိမ်စွန့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ တစ်သိန်းကျော်သော ဒုက္ခသည်များ ရသင့်ရခဲသော လူ့ဘဝသက်တမ်းစေ့ မနေရဘဲ စစ်မြေပြင်တွေ ကြွေလွင့် သွားရှာသော သားကောင်းရတနာများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ချွတ်ယွင်းပြီး ဒုက္ခိတဘဝရောက်သွားကြသူများ၊ ဘဝဆက်ရုံနဲ့ အသက်ဆက်နေရတဲ့ နေ့စဉ်နဲ့အမျှ မျက်ရည်ကို အဖော်ပြုကာ   ဝေဝါးလျက်ရှိတဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေသူများ၊ အစရှိသော စစ်ရဲ့ အနိဌာန်ရုံကို နေ့စဉ်အမျှ ကြားနေရပါတယ်” ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားအချင်းချင်း ပစ်ခတ်တိုက်ခိုက်ခဲ့သော ပြည်တွင်းစစ် နှစ်ပေါင်း ရ၀ ကျော်ရှိနေပြီဖြစ်ပြီး ငြိမ်းချမ်းရေးဟူသော စကားပြောဆိုနေသော်လည်း အမှန်တကယ် ငြိမ်းချမ်းရေး ရောင်ခြည်သည် ဝေဝါးနေစဲ ဖြစ်ကြောင်းလည်း ဦးလထော်ဇော်ဒိန်းက ပြောဆိုခဲ့သည်။

ကချင်အနုပညာများအသင်း၏ ဗဟိုကော်မတီမှ ကြီးမှူးကျင်းပခဲ့သော အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင်ကလည်း ဂုဏ်ပြုတက်ရောက်ခဲ့သလို၊ မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဌ အကယ်ဒမီ ဦးလူမင်းလည်း တက်ရောက် ဂုဏ်ပြုခဲ့သလို၊ ကချင်အနုပညာရှင်များ အများအပြား တက်ရောက်ခဲ့သည်။

မနောမြေမှ ကျောက်စိမ်းကမ္ဘာဇာတ်ကားတွင် ကချင်အနုပညာရှင်များ သရုပ်ဆောင်ထားကာ ကချင်ပြည်နယ် ဖားကန့်တွင် အဖိုးတန်ကျောက်စိမ်းနှင့် သဘောဝအလှများကို ပြည့်ဝသည့် နယ်မြေတွင် ကျောက်စိမ်းသူဌေးနှင် ့ငွေရှင်များ၏ လောဘစိတ်ကြောင့် စက်ယန္တရားကြီးများဖြင့် တူးဖော်နေ ချိန်တွင် အောက်ခြေ လူတန်းစား၊ ဆင်းရဲသားများ၏ ဘဝ ရုန်းကန်လှုပ်ရှားနေသူများက   ငွေကြေးရမက်ကြောင့် ပျက်စီးယိုယွင်းနေမှုများ၊ ဌာနေကချင်လူမျိုးများ၏ ရိုးသားဖြူစင်သော စိတ်ဓါတ်နှင့် ရိုးစင်းသော လူနေမှုစရိုက်များကို သရုပ်ဆောင် မင်းသားနှင့် ဒါရိုက်တာ JZ ဒေါင်လွမ်းက ဖန်တီးရိုက်ကူးထားသော ဇာတ်ကားတစ်ကားဖြစ်သည်။

အဆိုုပါ ဇာတ်ကားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရုပ်ရှင်ရုံများတွင် ပြသခဲ့ပြီး ဖြစ်ပြီး မကြာမီ ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင်လည်း ရုံတင်ပြသသွားမည်ဟု သိရသည်။

“မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားအား ကြည့်ရှုအားပေးရန် စနေနေ့ညက ကျင်းပခဲ့သော မြန်မာအိုင်ဒေါ နောက်ဆုံးယှဉ်ပြိုင်ပွဲတွင်လည်း ဇာတ်ကားထုတ်လုပ်သူ၊ ဒါရိုက်တာနှင့် သရုပ်ဆောင်များက မိတ်ဆက်ပေးခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် မမိုင်းမိုင်ဆိုင်းကိုလည်း ကချင်အနုပညာရှင်များအသင်းမှ ဦးစီးကာ ကြိုဆိုဂုဏ်ပြုသော အခမ်းအနားလည်း ကျင်းပပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly