လက်ပံတောင်းပစ်ခတ်မှုတွင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များကို ဒေသခံများက တရားစွဲမည်

လက်ပံတောင်းပစ်ခတ်မှုတွင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များကို ဒေသခံများက တရားစွဲမည်

ဆားလင်းကြီး၊မတ် ၂၆ ။              ။ လက်ပံတောင်းတောင် ဒေသခံများကို သေနတ်ဖြင့်ပစ်၍ အကြမ်းဖက်ဖြိုခွဲခဲ့သည် ရဲတပ်ဖွဲ့ဝင်များကို တရားစွဲဆိုသွားမည်ဟု မိုးကြိုးပြင် မြောက်ရွာဒေသခံ မဇာခြည်လင်းက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ဒေသ၊မိုးကြိုးပြင်၊အလယ်ရွာ၊ တောင်ရွာ၊ မြောက်ရွာတို့ရှိဒေသခံများသည် ကျောက်ထုတ်လုပ်ရေးကုမ္ပဏီများမှ ဝမ်ပေါင်ကုမ္ပဏီသို့ သယ်ယူပို့ဆောင်နေသည့် ကျောက်သယ်ကားများသည် ပုသိမ်၊မုံရွာလမ်းပေါ်တွင် နေ့စဉ်စည်းကမ်းမဲ့မောင်းနှင်နေမှုများကြောင့် လမ်းပျက်ခြင်းနှင့်ဒေသခံများထိခိုက်မိသည်ဟု ဆိုကာ ဖြတ်သန်းသွားလာနေသည့် ကျောက်သယ်ယာဉ်များကို တားဆီးခဲ့ကြသည်။

ထိုသို့ဒေသခံများက တားဆီးနေခြင်းကြောင့်မတ်လ ၂၂ ရက်နေ့က ဆားလင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားဆီးမှုများမပြုလုပ်ရန်နှင့်လူစုလူဝေးများမပြုလုပ်ရန်၊၅ဦးနှင့်၅ဦးအထက် စုဝေး၊စီတန်း၊လှည့်လည်မှုများမပြုလုပ်ရန်  ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ပြီး မတ်လ ၂၄ ရက်၊ညနေပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီးနေသည့်ဒေသခံများကို သေနတ်ဖြင့်ပစ်၍ လူစုခွဲခဲ့ရာ ဒေသခံ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြသည်။

ထို့ကြောင့်အကြမ်းဖက် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို တရားစွဲဆိုသွားရန် ဒေသခံများက စီစဉ်ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

"ဆေးစာရအောင်လုပ်နေပါတယ်။ ဆေးစာရတာနဲ့ ရဲတပ်ဖွဲ့ကို တရားစွဲသွားပါမယ်"ဟု မဇာခြည်လင်းက ပြောသည်။

ရဲတပ်ဖွဲ့အား လက်ပံတောင်းဒေသခံများက တရားစွဲရန်ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ကူညီပေးသွားမည်ဖြစ်သည်။

"တရားစွဲမယ်ဆိုတော့ ကူညီပေးသွားမယ်"ဟု ဒေါက်တာသိန်းနိုင်က ပြောသည်။

ရဲတပ်ဖွဲ့ဘက်မှလည်း ပစ်ခတ်လူစုခွဲခဲ့ခြင်း ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၂၇ ရက်၊နံနက် ၁၀ နာရီတွင် ဆားလင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly