ယခုဘဏ္ဍာနှစ်အတွက် အခွန်ဆောင်ရန်ကျန်နေသေးသည့် အနုပညာရှင်များအတွက် ပြည်တွင်းအခွန်များဦးစီးဌာနက ကိုယ်တိုင်ဆောင်ရွက်ပေးမည်

ယခုဘဏ္ဍာနှစ်အတွက် အခွန်ဆောင်ရန်ကျန်နေသေးသည့် အနုပညာရှင်များအတွက် ပြည်တွင်းအခွန်များဦးစီးဌာနက ကိုယ်တိုင်ဆောင်ရွက်ပေးမည်

ရန်ကုန်၊ မတ် ၂၅ ။             ။ (၂၀၁၆-၂၀၁၇) ခုနှစ် ဘဏ္ဍာနှစ်အတွက် အခွန်ထမ်းဆောင်ရန် ကျန်ရှိနေသည့် အနုပညာရှင်များ အခွန်ဆောင်ခြင်းအပါအဝင် အခွန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ သိလိုသည်များရှိပါက မတ်လ ၂၉ ရက် နှင့် ၃၀ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာနက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ လာရောက်၍ နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှုးရုံး အသီးသီး၌ ကျသင့်သည့် အခွန်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အနုပညာရှင်များ စာရင်းကို ဖေဖော်ဝါရီလတွင် ကြေးမုံသတင်းစာ၌ ထုတ်ပြန် ကြေညာခဲ့သည်။

ထို ထုတ်ပြန်ကြေညာချက်တွင် အနုပညာရှင် အချို့သာ ပါဝင်ခဲ့ပြီး အမှန်တကယ်အခွန်ဆောင်ထားသော်လည်း နာမည်မပါသည့် အနုပညာရှင်များလည်း ရှိနေသည်ဟု အနုပညာအသိုင်းအဝိုင်း၌ ဝေဖန်မှုများရှိနေသည်။

အကယ်ဒမီ အိန္ဒြာကျော်ဇင်က “နှစ်စဉ်ဆောင်နေကျအခွန် အိန္ဒြာကျော်ဇင်တို့ ကားရိုက်နားထားလိုက်ရလို့ ဒီတခါ ၂၀၁၆-၂၀၁၇ အတွက် အခွန်မဆောင်ရပါဘူးရှင့်...ဦးစီး ဦးတီပဲ အခွန်ဆောင်ရပါတယ်ရှင့်...သာမီး အခွန်လွတ်တဲ့နှစ် ဖြစ်ပါတယ်ရှင့်” ဟု ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ လူမင်းကလည်း "ကျသင့်သည့် အခွန်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အနုပညာရှင်များစာရင်းကို . . . အသိပေးကြေညာအပ်ပါသည်" ဟု ရေးသားထားပါသဖြင့် ဖေါ်ပြပါ အနုပညာရှင် (၁၉) ဦးမှလွဲ၍ ကျန်အနုပညာရှင်များသည် အခွန်လုံးဝ ထမ်းဆောင်ခြင်းမရှိဟု အဓိပ္ပါယ်သက်ရောက်နေပါသည်။
သို့သော် ကျွန်တော်အပါအဝင် နှစ်စဉ် အခွန်ထမ်းဆောင်သော အနုပညာရှင်များစွာရှိနေပါသေးသည်။ ယခုဘဏ္ဍာနှစ် ကုန်ဆုံးရန်လည်း ရက်အနည်းငယ် ကျန်ရှိနေသေးသည်ဖြစ်ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက်သာ ထမ်းဆောင်ရန် ကျန်ရှိနေခြင်းများလည်း ဖြစ်နိုင်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ အခွန်ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ယခုနှစ်အတွက်လည်း ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။ လွန်ခဲ့သောလ အနည်းငယ်ကပင် သက်ဆိုင်ရာအခွန်ဦးစီးအရာရှိများနှင့် ရုပ်ရှင်အစည်းအရုံး တို့တွေ့ဆုံဆွေးနွေး၍ အခွန်ထမ်းဆောင်ရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိပါသည်။ သို့ပါ၍ အများပြည်သူသိရှိနိုင်ပါရန် (ဖေါ်ပြပါစာရင်းတွင် မပါရှိသေးသော) အခွန်ထမ်းအနုပညာရှင်များ၏ ကိုယ်စား ပြန်လည်ရှင်းလင်းတင်ပြအပ်ပါသည်။” ဟု ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
 
ယင်းသို့ ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ပြည်တွင်းအခွန်များဦးစီးဌာနက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့လာရောက်ကာ One-Stop-Service ဖြင့် ဆောင်ရွက်ပေးရန် စီစဉ်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly