တစ်နှစ်သား ရန်ကုန်စတော့အိတ်ချိန်း ဘယ်လိုစိန်ခေါ်မှုတွေ ရှိခဲ့လဲ

တစ်နှစ်သား ရန်ကုန်စတော့အိတ်ချိန်း ဘယ်လိုစိန်ခေါ်မှုတွေ ရှိခဲ့လဲ
Yangon Stock Exange ရုံးဖွင့်ပွဲအခန်းအနားအား ရန်ကုန်မြို့ဆူးလေးလမ်းမနှင့် ကုန်သည်လမ်းထောင့်တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းရန်ကနု်စတော့အိပ်ချိန်းရုံးတွင်   ပြုလုပ်နေသည့်မြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ-သက်ကို (မဇ္ဈိမ)

ပြီးခဲ့တဲ့နှစ် မတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ နိုင်ငံ့ရဲ့ ငွေကြေးစျေးကွက် ရန်ကုန်စတော့အိတ်ချိန်းပေါ်ပေါက်ခဲ့တာ အခုဆိုရင် အချိန်ကာလ ၁ နှစ်ကို ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၁ နှစ်အတွင်းအများပိုင်ကုမ္ပဏီ ၄ ခုစာရင်းတင် ရှယ်ယာအရောင်း အဝယ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုတင်ဆက်ပေးမယ့် ရန်ကုန်စတော့အိတ်ချိန်း ၁နှစ်ပြည့် အစီအစဉ် ၁ နှစ် အတွင်းအများပြည်သူရဲ့ စိတ်ပါ၀င်စားမှု ဘယ်လောက်အထိရှိနေလဲ၊ ပိုပြီးတိုးတက်တဲ့ ငွေကြေးအရင်းအနှီးစျေးကွက်ဖြစ်လာဖို့ ဒီမှာဘယ်လိုစိန်ခေါ်စရာတွေ ရှိနေသလဲဆိုတာနဲ့ ဒီနှစ်ထဲဘယ်ကုမ္ပဏီတွေကရှယ်ယာအသစ်တွေ ထုတ်ရောင်းဖို့ ရှိသလဲဆိုတာအထူးစီးပွားရေးသတင်းအဖြစ် မဇ္ဈိမ စီးပွားရေးသတင်းထောက် ကိုအောင်သူရက တင်ဆက်ထားပါတယ်။

“အခု ၂ လအတွင်း ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ အတက်ဘက်ကို ပြန်သွားနေတာပေါ့၊ အတက်ပေမယ့် အရမ်းကြီးအတက်ကြမ်းတဲ့ အတက်တော့မဟုတ်ပါဘူး၊ ဖြေးဖြေးချင်းတက်လာတဲ့ ပုံစံကိုတွေ့ရပါတယ်..”လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက ပြောပါတယ်။

အားကိုးအကောင်းမြင်မှု စိုးရိမ်မှုတွေကြားထဲကနေ အထမြောက်ခဲ့တဲ့ ၁ နှစ်သားရန်ကုန်စတော့အိတ်ချိန်းရဲ့ အစောပိုင်းအချိန်မှာတော့ ရင်းနှီးမြှုပ်နှံလိုသူတွေရဲ့ စိတ်ဝင်စားမှုတွေရှိခဲ့ပြီး ၁ နှစ်မပြည့်ခင် သက်တမ်းတစ်ဝက်လောက်မှာ ရေတိုရင်းနှီးမြှုပ်နှံသူတွေ ခြေကုန်လက်ပမ်းကျလာခဲ့တာတွေကြောင့် စျေးကွက်ဝယ်လိုအားတွေ ကျဆင်းခဲ့ပေမယ့် လက်ရှိအချိန်မှာ တည်ငြိမ်တဲ့ စျေးတန်းတစ်ခုမှာအရောင်းအဝယ်ဖြစ်နေတယ်လို့ ဒီကတာဝန်ရှိသူ ဦးသက်ထွန်းဦးကပြောပြခဲ့တာဖြစ်ပါတယ်။

"ရောင်းလိုအားဝယ်လိုအားမျှနေတဲ့ အတွက် ရှယ်ယာစျေးက တက်ချင်မှ တက်မယ်၊ ကျချင်လည်းကျမယ်။ ဒါပေမယ့် ၂ ဦး ၂ ဖက် အရောင်းအဝယ်လုပ်တဲ့ ပမာဏကအများကြီး မြင့်တက်လာတယ်။" ဟု ဦးသက်ထွန်းဦးက ပြောပါတယ်။

အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်ကတော့ ရန်ကုန်စတော့အိတ်ချိန်းမှာ ရေရှည်အကျိုးအမြတ်ရနိုင်ဖို့ မျှော်လင့်နေသူတာဖြစ်ပြီး သူက ရင်းနှီးမြှုပ်နှံမှုကို သမားရိုးကျ လုပ်ကိုင်ချင်သူဖြစ်တယ်လို့ ပြောပြလာပါတယ်။ သူ့အနေနဲ့ ရန်ကုန် စတော့အိတ်ချိန်း ၁ နှစ်အတွင်းလောဘနဲ့ စျေးကစားခဲ့တဲ့သူတွေဟာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ကြားသိရတယ်လို့ ပြောပါတယ်။

"သဘောကပြောရရင်…နှစ်စဉ် အစုရှယ်ယာကို မှန်မှန်ကန်ကန်လေးနဲ့ ရသွားတာလိုချင်တယ်၊ ဝုန်းကနဲ တက်တာတွေ၊ ဝုန်းကနဲ ဆင်းတာတွေ မလိုချင်ဘူး။ အဲဒါလေးတွေက ကျွန်တော်တို့ စိတ်ထဲမှာ ဖြစ်ပေါ်တယ်။" လို့ ဦးခင်မောင်မြင့်က ပြောခဲ့တာပါ။

အရွယ်အစားနဲ့ ကာလ နုနယ်သေးတဲ့ ရန်ကုန်စတော့အိတ်ချိန်းမှာ ပထမမြန်မာရင်းနှီးမြုပ်နှံမှုကုမ္ပဏီလီမိတက်-FMI၊ မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက်-MTSH၊ မြန်မာနိုင်ငံသားများဘဏ်-MCB နဲ့ ပထမပုဂ္ဂလိကဘဏ်-FPB စတဲ့ အများပိုင်ကုမ္ပဏီ ၄ ခုဟာ ၁ နှစ်အတွင်းလအပိုင်းအခြားအလိုက်  ဒီစျေးကွက်အတွက် စာရင်းတင်ခဲ့တာဖြစ်ပြီး ၁ နှစ်အတွင်းကုမ္ပဏီ ၄ ခုရဲ့အရောင်း အဝယ်ဖြစ်ခဲ့တဲ့ ရှယ်ယာအရေအတွက်က ၃.၆ သန်းနဲ့ ငွေတန်ဘိုးအနေနဲ့ ကျပ်  ဘီလီယံ ၈၀ နီးပါးဖြစ်ပါတယ်။

FMI ကုမ္ပဏီလီမိတက်၏ ဘဏ္ဍာရေးအရာရှိချုပ် ဦးထွန်းထွန်းက “ အရောင်းအဝယ်အနေနဲ့ဟာကို ကျွန်တော်တို့ ဘယ်လိုပြောမလဲဆိုရင် တိုးတက်မှုကို ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က အားသိပ်မရဘူး၊ အစမှာတော့ ဒီလိုမျိုးပဲ ဖြစ်ပါလိမ့်မယ်” လို့ ဆိုပါတယ်။

မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက်-MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်ကတော့ "ကျွန်တော့်အနေနဲ့တော့ ယနေ့ ပေးထားချက်တွေအပေါ်မှာ ဖြစ်လာတဲ့ ရလာဒ်တွေ ဖြစ်တဲ့အတွက် ဒီအတိုင်းပဲကျနော်တို့ လက်ခံပါတယ်”လို့ ဆိုပါတယ်။

လက်ရှိရန်ကုန်စတော့အိတ်ချိန်းမှာ စျေးကွက်အရောင်းအဝယ်ဖြစ်နေတဲ့ ပုံစံအနေနဲ့ စာရင်းတင်ကုမ္ပဏီ ၄ ခုစလုံးဟာရှယ်ယာအသစ်တွေ အများပြည်သူကိုထုတ် ရောင်းချတာမဟုတ်ဘဲနဂိုစတော့စျေးကွက်မှာစာရင်းမတင်ခင်ကကုမ္ပဏီတွင်းလည်ပတ်နေတဲ့ ငွေကြေးတွေကိုလည့်လည်ရောင်းချနေတာဖြစ်ပါတယ်။

ဒီနေရာမှာရှယ်ယာအသစ်တွေ ကုမ္ပဏီတွေဘက်ကထုတ်ရောင်းရင် ရင်းနှီးမြှုပ်နှံ သူတွေ ပိုပြီး စိတ်ပါ၀င်စားလာနိုင်ပြီး ရှယ်ယာဝယ်လိုအားထုထည် ကြီးထွားလာနိုင် မလားဆိုတဲ့ မေးခွန်းကရှိနေပါတယ်။

“ကျွန်တော်တို့ရဲ့ ကုမ္ပဏီအနေနဲ့ အခြားအခြားသော လုပ်ငန်းတွေကိုတိုးချဲ့သွားဖို့ အစီအစဉ် ရှိပါတယ်” လို့ ဦးဝင်းအောင်က ပြောပါတယ်။

မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်လီမိတက်-MTSH အနေနဲ့ သန်လျင်မြို့နယ်က နိုင်ငံရဲ့ ပထမဆုံးစီးပွားရေးဇုန်တစ်ခုကို လည်ပတ်နေတာဖြစ်ပြီး ၂၀၁၇ အစောပိုင်းမှာလည်း
စီမံကိန်းအပိုင်း ၂ ကို ဆက်လက်တိုးချဲ့ဖို့ စီစဉ်နေတာပါ။  အဲဒိအတွက် ရင်းနှီးငွေတွေ တိုးမြှင့်သုံးစွဲရဖို့ရှိပေမယ့် ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်သူ ဦးဝင်းအောင်ကတော့ လောလောဆယ် စတော့စျေးကွက်မှာရင်းနှီးငွေကို ခေါ်ယူမှာမဟုတ်ဘူးလို့ ပြောပါတယ်။

"လုပ်ငန်းအတွက် လိုအပ်တဲ့ ငွေပမာဏအပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီဆိုရင် အကြွေးမရှိဘူး၊ချေးငွေမရှိဘူး၊ အတော်အသင့်  လုပ်ငန်းမျိုးဆိုလို့ရှိရင် ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်တို့ လုပ်မယ့် လုပ်ငန်းသည် ဘဏ်တွေကနေငွေချေးလို့ ရနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ကျွန်တော်တို့ IPO ခေါ်ဖို့ မလိုသေးဘူး။" လို့ ဦးဝင်းအောင်က ဆက်ပြောပါတယ်။

FMI ကုမ္ပဏီလီမိတက်ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ဦးထွန်းထွန်းကလည်း "FMI ကုမ္ပဏီအနေနဲ့ ရှယ်ယာအသစ်ထုတ်ပြီးငွေအရင်းအနှီးစုမလားဆိုရင် စုမယ်လို့ ကျွန်တော်တို့ ပြတ်ပြတ်သားသားပြောခဲ့တယ်…”လို့ မဇ္ဈိမကို ပြောပါတယ်။

FMI ကုမ္ပဏီလီမိတက်ဘက်ကတော့ လုပ်ငန်းရင်းနှီးငွေကို စတော့အိတ်ချိန်းကနေ ရှာဖွေမယ်လို့ ပြောပြလာပါတယ်။ သူတို့အနေနဲ့ အခုနှစ်ထဲမှာရန်ကုန်မြို့လယ်ခေါင် Yoma Central စီမံကိန်းကိုညီနောင်ကုမ္ပဏီ ရိုးမမဟာဗျူဟာဦးပိုင်လီမိတက်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ အကျိုးတူရင်းနှီးသွားဖို့ ရှိနေတဲ့ အခြေအနေမှာရှိနေတာဖြစ်ပါတယ်။

"ဘယ်လောက်စုမလဲ ကျွန်တော်တို့ မဆုံးဖြတ်သေးဘူး၊ ဒီစီမံကိန်း(မြို့လယ်ခေါင် ရိုးမစင်ထရယ်) အတွက်ပဲစုမှာလား၊ မဟုတ်ဘူး၊ ဒီစီမံကိန်းတွင်မကတစ်ခြားလုပ်သင့်တဲ့ လုပ်ငန်းရှိတယ်၊ရှယ်ယာရှင်တွေ ကုမ္ပဏီရေရှည်အကျိုးအတွက် ဘယ်လိုစီမံခန့်ခွဲပြီးခွဲခြားရင်းနှီးမြှုပ်နှံသွားမယ့်ဟာ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ပါ။" လို့ ဦးထွန်းထွန်းက ပြောပါတယ်။

အရင်နှစ်ပေါင်းများစွာကတည်းက ငွေကြေးအရင်းအနှီးရှားပါးမှု၊ ဘဏ်နဲ့ အများ ပြည်သူစီးပွားရေးလုပ်ငန်းတွေကြားမှာ ယုံကြည်စိတ်ချလောက်တဲ့ ငွေကြေးလှည့်ပတ်မှုစီးဆင်းမှုတွေ နည်းပါးခဲ့တာတွေက နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် လိုအပ်ချက်လို ဖြစ်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကို ကျဉ်းမြောင်းဖြစ်ဖို့ နိုင်ငံ့ရဲ့ ငွေကြေးအရင်းအနှီးစျေးကွက်ဖြစ်လာဖို့ မျှော်မှန်းချက်ရှိတဲ့ ရန်ကုန်စတော့အိတ်ချိန်း ချိန်သားကိုက်ပေါ်ထွက်လာခဲ့ပေမယ့် နုနယ်တဲ့အတွေ့အကြံု၊ အများပြည်သူကိုဆွဲဆောင်ဖို့ နဲ့ နိုင်ငံ့ရဲ့ ကုမ္ပဏီကြီးတွေ ပါ၀င်လာဖို့ကလည်း လိုအပ်နေပြန်ပါတယ်။

ကုမ္ပဏီယာဉ်မောင်းဖြစ်သူ ဦးမောင်ဝင်း ဆိုသူက "ကျွန်တော်တို့က အလှမ်းဝေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းလုပ်ဖို့ မရှိဘူးလေ" လို့ စတော့အိတ်ချိန်းအပေါ် အမြင်ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ကဒီစတော့အိတ်ချိန်းရဲ့ အခြေအနေပေါ့နော်၊ သူဟာတကယ့်ကို IPO လုပ်နိုင်မယ့် အနေအထားမျိုး ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ လုပ်မှာပါ။" လို့ မက်(စ)မြန်မာဟိုးဒင်းလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly