ရေနံရှာဖွေစဉ် ပျက်စီးသွားသည့် သီးနှံများအတွက် မြန်မာ့ရေနံမှ လျော်ကြေးငွေပေးအပ်

ရေနံရှာဖွေစဉ် ပျက်စီးသွားသည့် သီးနှံများအတွက် မြန်မာ့ရေနံမှ လျော်ကြေးငွေပေးအပ်

မြိုင်၊မတ်လ ၂၅ ။            ။ မြိုင်မြို့နယ်အတွင်း ရေနံရှာဖွေရေးလုပ်ငန်းပြုလုပ်စဉ် ပျက်စီးဆုံးရှုံးသွားသည့် စိုက်ပျိုးသီးနှံများအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ လျှော်ကြေးငွေ သိန်း ၉၉၀ ကျော် ပေးအပ်ခဲ့သည်ဟု သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း ၊ ဆိုက်စမစ်ရေနံရှာဖွေရေး အဖွဲ့(၁) နှင့်အဖွဲ့(၂)က လျှော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် မတ်လ ၂၅ရက်နေ့က ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့က ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဆိုက်စမစ်ရေနံရှာဖွေရေးပြုလုပ်စဉ် မဖြစ်မနေ သီးနှံခင်းများကို ဖြတ်သန်းလုပ်ဆောင်ခဲ့တယ်။ အဲ့ဒါတွေအတွက် သီးနှံလျှော်ကြေးပေးခြင်း ဖြစ်ပါတယ်။ စုစုပေါင်းလျှော်ကြေးငွေ အနေနဲ့ သိန်း ၉၉၀ ကျော် ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်"ဟု မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဘူမိရူပဌာနမှ လက်ထောက်အင်ဂျင်နီယာမှူး ဦးကျော်စိုးက မဇ္ဈိမသို့ ပြောသည်။

မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းအနေဖြင့် မြိုင်မြို့နယ် ကျောက်ခွက်ဒေသ၌ ရေနံ ရှာဖွေစဉ် လမ်းဘေးတလျှောက်တွင် ပျက်စီးဆုံးရှုံးခဲ့သည့် သီးနှံများအား ပေးလျော်ခဲ့ခြင်း ဖြစ်ပြီး မြိုင်မြို့နယ်အတွင်းရှိ တောင်သူဦးရေ နှစ်ထောင်ကျော်အတွက် လျှော်ကြေးငွေ သိန်း ၉၀၀ ကျော် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

"လက်ရှိ သီးနှံလျှော်ကြေးနေနဲ့ ရေနံကပေးလျော်တာ သနပ်ခါးအပင်ကြီးတစ်ပင်အတွက် ငွေကျပ် သုံးသောင်းလျော်တယ် ။ မန်ကျည်းပင်တစ်ပင်ကို သုံးသောင်းငါးထောင်၊ ဇီးတစ်ပင်ကို တစ်သောင်းငါးထောင် ထန်းပင်တစ်ပင်ကို တစ်သောင်းကျပ် ပေးလျော်ပါတယ်"ဟု လျော်ကြေးငွေရရှိသည့် တောင်သူ ဦးကျော်ဆန်းဝင်း က ပြောသည်။

မြန်မာ့ရေနံအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်များအရ ပေးလျော်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏လုပ်ငန်းများနှင့်ပတ်သက်သည့် မြိုင်မြို့နယ်အတွင်းရှိ ဆုံးရှုံးနစ်နာမှုများအား ဆက်လက်ပေးလျော်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required