၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူစိတ်ဝင်စားမှု ဘာကြောင့် နည်းနေတာလဲ (အပိုင်း ၂)

25 March 2017
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူစိတ်ဝင်စားမှု ဘာကြောင့် နည်းနေတာလဲ (အပိုင်း ၂)
 

ဦးမျိုးသန့်

Editor, Mizzima Media

ခုနက ကိုစိုင်းပြောသွားတဲ့အထဲမှာ ပြည်သူလူထုက ရွေးကောက်ပွဲရှိတာ သိတာမသိတာနဲ့ အပါအဝင် ပြည်သူလူထုရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေအပေါ်မှာ ယုံကြည်တာလား ဒါမှမဟုတ်ရင် ငါတို့အကျိုးအတွက် လုပ်ပေးနိုင်တယ်လို့ မျှော်လင့်တာလား ဒါမှမဟုတ်ရင် မျှော်လင့်ချက်ကရော ဘယ်လိုရှိကြပြီလဲ။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

ဒီ ၂၀၁၇ ကိုတော့ ကျွန်တော်တို့ စစ်တမ်းမကောက်ရသေးဘူး။ ဒါပေမယ့် ၂၀၁၆ မှာတော့ တစ်ခါကောက်ဖူးတယ်။ ကျွန်တော်တို့ အစိုးရသစ် သက်တမ်း တစ်နှစ်ပေါ့နော်။ ကျွန်တော်တို့ မေလမှာ ကောက်ဖူးတယ်။ ကောက်ဖူးတဲ့အခါမှာ ကျွန်တော်တို့ မေးတဲ့မေးခွန်းကတော့ လွှတ်တော်နဲ့ပတ်သက်တဲ့ မေးခွန်းပေါ့။

အဲဒီတုန်းကလည်း လွွှတ်တော်ကလည်း စတာ သိပ်မကြာသေးဘူးပေါ့။ ၈ လလောက်ပဲရှိသေးတော့ သူတို့မသိသေးတာလည်းဖြစ်မယ်။ သေချာတာကတော့ ကျွန်တော်တို့မေးတယ်။ ကိုယ့်ရဲ့ကိုယ်စားလှယ်လောင်းရဲ့ နာမည်ကို သိသလားလို့ မေးတဲ့အခါမှာ မသိဘူးလို့ဖြေတဲ့သူက တစ်ဝတ်နီးပါးလောက်ရှိတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းနဲ့ ကိုယ့်ရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး လောင်းနာမည် ဘယ်ဟာကိုပိုသိလည်းဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပိုသိကြတယ်။ ဒါကလည်း ရှင်းတော့ရှင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လွှတ်တော်အမတ်ကို ပြောတာက ဒါကမဟုတ်ဘူး ဒါက ကျွန်တော်တို့ ဘာကိုပေးချင်တာလဲဆိုရင် ပြည်သူလူထုနဲ့ များများထိတွေ့ပါဆိုတဲ့သဘောပါ။ သူတို့ရဲ့ မျှော်မှန်းချက်က ဘာလဲလို့ဆိုတဲ့အခါမှာ သူတို့ဒေသအတွက် သူတို့စိတ်ထဲမှာ စိန်ခေါ်မှု သူတို့ရဲ့ ပြဿနာက ဘာလဲလို့မေးတယ်။ မေးတဲ့အခါမှာ သူတို့ဖြေတဲ့ဟာ တစ်ကနေတစ်ဆယ်ထိ ကျွန်တော်တို့ စဉ်လိုက်တဲ့အခါမှာ တစ်ကနေ ခုနှစ်လောက်ထိက သူတို့ရဲ့ ဖွံ့ဖြိုးရေးနဲ့ပတ်သက်တာတွေပေါ့။ ဥပမာ ကျောင်းတွေမရှိတာ၊ လမ်းတွေမရှိတာ၊ သောက်ရေမရှိတာ၊ လုပ်ခလစာနည်းတာ ဆိုတော့ သူတို့က အဲဒါကိုမျှော်လင့်တယ်။ အဲဒါနဲ့ ကိုယ်စားလှယ်တွေနဲ့ ဘယ်လိုပြန်ချိတ်ဆက်မလဲဆိုတာ ကျွန်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒီအချက်အလက်တွေပေါ်မှာ ကြည့်ပြီးရင်တော့ လှုပ်ရှားဖို့ လိုတာပေါ့။ တကယ်လို့သာ အဲဒါကိုသာ ပြည်သူလူထုရဲ့ မျှော်မှန်းချက်နဲ့ လက်ရှိလုပ်နေတဲ့ဟာနဲ့ မထင်ဟပ်နိုင်ဘူးဆိုရင် ပြည်သူလူထုက ဒါ စဉ်းစားရမှာပေါ့လေ။ ဒါကတစ်ပိုင်းပေါ့။

 National Level မှာရော သူတို့ ဘယ်လိုမြင်လဲဆိုတော့ ထပ်ပြီးတော့မေးတဲ့အခါမှာ National Level မှာ ဘာထပ်ပါလာလဲဆိုတော့ စိတ်ဝင်စားစရာကောင်းတာက ငြိမ်းချမ်းရေးဟာ အရေးကြီးတယ် ဆိုတာ ပါလာတယ်။ ဒါပေမယ့် ကျန်တဲ့ဟာတွေက ခုနကအတိုင်းပဲ ဖွံ့ဖြိုးရေးနဲ့ပတ်သက်တာတွေပဲ ပါတယ်။ ဒါက ကျွန်တော်ထင်တယ် ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေအတွက် သူတို့တွေ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ ့ချိတ်ဆက်မှု သတင်းအချက်အလက်လို့ပဲ ယူဆတယ်။ သူတို့ရဲ့ မျှော်လင့်ချက်ကတော့ အဲဒါဘက်ကို ပိုသွားတယ်။ ဒါပေမယ့် ၂၀၁၇ မှာတော့ ကျွန်တော်တို့ မလုပ်ဖြစ်သေးဘူး။

ဦးမျိုးသန့်

Editor, Mizzima Media

အဲတော့ အခုဆိုရင်လည်း တစ်နှစ်ပြည့်တော့မှာပေါ့နော်။ တစ်နှစ်ပြည့်တော့မှာဆိုတော့ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်ကတော့ ကျွန်တော်ထင်တယ် ကျွန်တော်ကလည်း သတင်းစာသမားဆိုတော့ သူတို့ လိုအပ်ချက်ကတော့ တော်တော်များများကို ရှိနေတုန်းပဲ။ ဥပမာဆိုကြပါစို့ ကျေးရွာအတွက် ကျောင်းတို့ လမ်းတို့ ရေတို့ မီးရရှိဖို့တို့ ဒီ နေရာအများစု အနိုင်ရသွားတဲ့ NLD ကိုယ်စားလှယ်တွေအနေနဲ့ရော ဒီကွက်လပ်ကို ဖြည့်ပေးနိုင်ပြီလား။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

အဲဒါကတော့လေ ကျွန်မတို့ လွှတ်တော်အနေနဲ့ဆိုရင် တစ်နှစ်ပြည့်ပြီပေါ့နော်။ အစိုးရအနေနဲ့ ဆိုရင်တော့ ဧပြီမှာ ပြည့်မှာပေါ့။ အတိုင်းအတာတစ်ခုအထိတော့ ဖြည့်နိုင်တယ်လို့ ကျွန်မ ကောင်းကောင်ယုံကြည့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ National Level မှာဆိုရင်တော့ ငြိမ်းချမ်းရေးကို အရမ်း ဦးစားပေးပြီးတော့ ဒါကလည်း မဖြစ်မနေ လုပ်ရမယ့်ကိစ္စဆိုတဲ့အခါကျတော့ အဲဒီအပေါ်မှာ တချို့ပြည်သူကြတော့လည်း ရန်ကုန်ကလူတွေက ငြိမ်းချမ်းရေးအကြောင်းပြောရင် ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်ပြီးတော့ စိတ်မဝင်စားကြဘူး။ National Level မှာ ဦးစားပေးနေတဲ့ တော်တော်များများကို သူတို့က အဲဒီထက်ပိုပြီးတော့ ကုန်စျေးနှုန်း ကြီးမြင့်နေတဲ့ကိစ္စကို ဦးစားပေးစေချင်တာမျိုးရှိတယ်။ အလုပ်အကိုင်ဖန်တီးပေးတာမျိုး။ တကယ်တမ်း ပြန်စဉ်းစားကြည့်တော့လည်း ငြိမ်းချမ်းရေးမရှိပဲနဲ့ နိုင်ငံတကာက ကျွန်မတို့ဆီကိုလာပြီးတော့ အလုပ်အကိုင်ဖန်တီးပေးဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။

ပြောရမယ်ဆိုရင် နိုင်ငံက လုပ်စရာတွေ အရမ်းများနေတယ်။ ပြည်သူတွေရဲ့ ဖြစ်ချင်တာတွေက အရမ်းကို မြင့်လွန်းတယ်။ အဲဒါကို ကျွန်မတို့တွေက တစ်နှစ်အတွင်းမှာ အကာအကွယ်ဖြစ်အောင် မနည်းကြိုးစားရတဲ့ အနေအထားရှိတယ်။ ပြီးတော့ ကျွန်မအမြဲပြောပါတယ်။ အစိုးရအနေနဲ့လည်း ကျွန်မတို့ကိုယ်စားလှယ်တွေလည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ကလည်း နည်းနည်းလေး လုပ်ရတာ အခက်အခဲရှိတယ်။ သူတို့က Old Maganazine နဲ့ သွားနေရတယ်ပေါ့ ဒီဟာကတစ်ပိုင်း။ ရန်ကုန်တိုင်းအနေနဲ့ဆိုရင်တော့လေ ပြောရမယ်ဆိုရင် အခြေခံလေးတွေ ကျွန်မ ဒီနေရာကနေပဲ တစ်ခါတည်း ပြောချင်တာပေါ့နော်။ ကိုစိုင်းတို့လည်း Result လုပ်ထားတယ်။ ကျွန်မလည်း ကိုယ်စားလှယ်ဖြစ်ဖြစ်ပီးချင်း လုပ်ထားတယ်။ သူတို့ ဘာလိုအပ်သလဲပေါ့။

ဆိုတော့ အဲဒီအခြေခံလေးတွေ တော်တော်ဖြည့်နိုင်ပါတယ်။ ဖြည့်နိုင်တယ်ဆိုတာထက် အခြေခံအကျဆုံးအရာလေးတွေကို အခု မြို့နယ်တွေမှာဆိုရင် ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေနဲ့ တွဲပြီးတော့ ပြည်သူဘာလိုအပ်သလဲဆိုတာကို ချက်ခြင်း ဖြည့်ဆည်းပေးတာမျိုးပေါ့ တတ််နိုင်သမျှ ဒါမျိုးလေးတွေလုပ်ကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့က ကုန်စျေးနှုန်းလျော့ပါးအောင် မလုပ်နိုင်ဘူး။ သို့ပေမယ့် ကိုယ်ဒေသအတွင်းမှာ ဖွံ့ဖြိုးမှုအတွက်ကို ကျွန်မတို့ ကောင်ကောင်းလုပ်နိုင်တယ်။ ရန်ကုန်တိုင်းအတွင်းမှာ အဲဒါ ကောင်းကောင်းလုုပ်နိုင်တယ်။ ပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာ ဘတ်ဂျက်တွေ ဘတ်ဂျက်တွေဆိုလို့ရှိရင်လည်း ပြည်သူအတွက် စနစ်ကျဖြစ်အောင်လို့ ကျွန်မတို့တွေ စနစ်တကျက်ုိ ကော်မတီတွေနဲ့ စိစစ်တဲ့အလုပ်လုပ်တယ်။ ပြည်သူတွေအတွက် ပိုက်ဆံတွေအများကြီး ပိုထွက်လာတယ်။ ခုနကပြောတဲ့ ရေရရှိမှုတွေ ကျေးရွာအတွက် လိုအပ်တာတွေပေါ့ ဒါတွေကို ကျွန်မတို့ အများကြီးလုပ်နိုင်တယ်။ ရန်ကုန်တိုင်းဒေသအတွက်ဆိုရင် ကျွန်မတို့ ၃၂ ဘီလီယံ ဖြတ်လိုက်တဲ့ကိစ္စမှာဆိုရင် စည်ပင်သာယာနဲ့ ပြင်ပကမြို့နယ်တွေ တော်တော်များများကို အဆင်ပြေသွားတယ်။ အဲတော့ ဖွံ့ဖြိုးမှုအတိုင်းအတာက အတိုင်းအတာတစ်ခုထိရောက်တယ်။ သို့ပေမယ့် ကျွန်မတို့က အကြီးကြီးတွေကိုတော့ ကျွန်မတို့အနေနဲ့ အချိန်ယူရမယ့် အနေအထားတော့ရှိတယ်။

ဦးမျိုးသန့်

Editor, Mizzima Media

ဒီ မဲဆန္ဒရှင်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့ရဲဲ့ တခြားမျှော်လင့်ချက်က ဥပမာ လူမှုဘဝ ဖွံ့ဖြိုးဖို့ပေါ့နော် အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ တခြားရော ဘာတွေများ သူတို့ ပြောကြဆိုကြတာ ရှိသေးလဲ။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

ပြောရမယ်ဆိုရင်တော့ ပညာရေးကတော့ နံပါတ် ရ လောက်မှာပဲရှိတယ်။ ဘယ်လိုလဲဆိုတော့ ပညာရေးက သိပ်အရေးကြီးတယ်ဆိုတာကိုလည်း ပြောဖို့လိုတယ်။ နောက်ပြီး ကျွန်တော်တို့ ၂၀၁၄-၁၅ မတိုင်ခင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးကြီးမားမားလုပ်ခဲ့တဲ့ campaigm ဥပဒေ ပြုပြင်ပြောင်းလဲရေးက ပြည်သူလုထုရဲ့ အတွေးထဲမှာ မရှိတော့ဘူးဖြစ်နေတယ်။ ဒါကလည်း ကျွန်တော်ထင်တယ် အခုအစိုးရအတွက် အရေးကြီးတဲ့ ကိစ္စပဲ။ ဒါကလည်း ရွေးကောက်ပွဲမှာ ကျွန်တော်တို့ လက်ရှိအစိုးရရဲ့ ကမ်ပိန်းပဲ ဆိုပါတော့ ။ ဘယ်လိုပြန်သယ်မလဲ ဒါကို ဘယ်လို ပြန် Train လုပ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စလို့ ကျွန်တော်ကတော့ ပြန်မြင်တယ်။  

ဦးမျိုးသန့်

Editor, Mizzima Media

အဲတော့ ပထမကတော့ ကျွန်တော်တို့ ဒီ အထွေထွေရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲကြေညာစာတမ်းကို NLD ကနေပြီးတော့ ထုတ်ခဲ့တယ်ပေ့ါနော်။ အဲဒီ အခု မူဝါဒကရော ဒီအတိုင်းပဲလား။ ဘယ်လိုမျိုး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘာတွေချပြပြီးတော့မှ ပြည်သူလူထုကို စွဲဆောင် စည်းရုံးနေကြပြီလဲ။

ဒေါ်ကြပြာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ကျွန်မတို့ကတော့ ပါတီကထွက်တဲ့ ကြေညာစာတမ်းကို ကိုင်ပြီးတော့ ရွေးကောက်ပွဲကို ဝင်ခဲ့တယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ပြည်သူကို Message ပေးတုန်းက အဲဒီအတိုင်းပဲ။ အခု ကျွန်မတို့ဘာလုပ်လုပ် အဲဒီအတိုင်းပဲ ကျွန်မတို့ ပြန်ပြီးတော့ကြည့်တယ်။ ဆိုတော့ ကိုယ်စားလှယ်တွေအနေနဲ့ တစ်ဦးချင်းစီ လုပ်ဆောင်တာတွေပဲဖြစ်ဖြစ် ဒါကိုကြည့်သလို လွှတ်တော်ကြီးတစ်ရပ်လုံးအနေနဲ့ပဲဖြစ်ဖြစ် အစိုးရအဖွဲ့က တစ်စုံတစ်ခု လုပ်မယ်ပဲဖြစ်ဖြစ် ကျွန်မတို့က ဒီဘောင်ထဲကပဲ သွားတယ်။

ဒါပေမယ့် စောစောက ကိုစိုင်းပြောသလိုပေ့ါ ၂၀၀၈ ကတော့ ကျွန်မတို့ ဒီ ဖြစ်စဉ်ကြီးကို ပြင်ဖို့ ကျွန်မတို့အားလုံး စိတ်ထဲမှာတော့ ရှိနေတယ်။ ဒါပေမယ့် ပြည်သူကတော့ အဲဒါတွေ ပျောက်သွားတာတော့ အမှန်ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထုက ဒါကို သိပ်အရေးမကြီးဘူး အခြေခံ ဖွံ့ဖြိုးမှုလောက် ဒါတွေကို အရေးကြီးတယ်လို့ မထင်ဘူးပေါ့နော်။ သူတို့က လိုအပ်ချက်က အရမ်းများတော့ သူတို့က အဲဒါတွေကိုပဲ ပိုပြီးတော့ လိုချင်ကြတယ်။ ဒီ ၂၀၀၈ တို့ ငြိမ်းချမ်းရေးတို့ ကျွန်မတို့ရန်ကုန်မှာ သိပ်ပြီးတော့ စိတ်မဝင်စားကြတော့ဘူးဆိုတော့ အဆိုးရအနေနဲ့ ဒါလေးတော့ သတိမူရမယ်ပေါ့နော်။ ငြိမ်းချမ်းရေးလုပ်ရင်းနဲ့ ၂၀၀၈ ကိုပါ တစ်ခါတည်း ပြန်ဆွဲတာမျိုး လုပ်သင့်တယ်။ ဒါပေမယ့် စောစောကပြောတဲ့ ကြေညာစာတမ်းထဲကအတိုင်း ကျွန်မတို့လုပ်နေသမျှ အကုန်လုံးက မူဘောင်ထဲကပဲ ဆွဲထုတ်ပြီးတော့ လုပ်နေတာပါ။

ဦးမျိုးသန့်

Editor, Mizzima Media

ကျေးဇူးတင်ပါတယ်။ အဲတော့ ကိုစိုင်း ဒီမူဝါဒတွေကိုရော ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်ပြီလဲလို့ မေးရင် ဘယ်လိုဖြေနိုင်မလဲ။

ဦးစိုင်းရဲကျော်စွာမြင့်

အမှုဆောင်ရိုက်တာ, PACE

ကြိုးစားနေတာတော့ ကျွန်တော် တွေ့ပါတယ်။ ဒီ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဒါ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် သူဦးဆောင်ပြီးတော ့လုပ်နေတာတွေ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ရှေ့မှာ ကျွန်တော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့အတွက်ကို ကျွန်တော်တို့ ကျွန်တေ်ာထင်တယ် ဒီအစိုးရအတွက် ဒီငါးနှစ်က အသီးအပွင့်တွေ ရဖို့ထက်စာရင် အစီအစဉ်တွေချတဲ့ကာလလို့ ကျွန်တော် သပ်မှတ်တယ်။ ဒါဟာ ကျွန်တော်တို့ကြံုတဲ့ကာလပဲ။ ဒါပေမယ့် ကျွန်တော်အနေနဲ့ပြောရရင် ပြည်သူလူထု အပြည့်ပေးထားတဲ့ အစိုးရပေါ့။ ဒါ နှစ်ပေါင်း ၆၀ အတွင်းမှာ ပထမဦးဆုံုး တင်မြောက်ထားတာပေါ့။ သူတို့ရဲ့ တော်တော်များများကို ပြည်သူလူထုက သီးခံခွင့်လွှတ်နိုင်တဲ့ အနေအထားမျိုးမှာရှိတယ်။ ဒီလိုအနေအထားမျိုးမှာ ပြည်သူလူထုက အခြေခံဥပဒေကို စိတ်မဝင်စားစေဦးတော့ ဒါက နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ကိစ္စပဲ။ ဆိုတော့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စကိုတော့ ပြည်သူလူထုကလည်း အဲဒီ Agenda ကို ပျောက်သွားသလိုပဲ အစိုးရကလည်း ပျောက်သွားတယ်။ ပျောက်သွားတယ်ဆိုတာကလည်း ဒီလိုပါ သူက ငြိမ်းချမ်းရေးရမှ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ သဘောမျိုးပြောတယ်။ ဒါပေမယ့် ကျွန်တော်စိတ်ထဲမှာထင်တာကတော့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးက ငြိမ်းချမး်ရေးနဲ့ တွဲလုပ်ရမယ်ဆိုတာလည်း မှန်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးမရခင်မှာလည်း လုပ်ထားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေရှိတယ်။ ဥပမာဆိုကြပါဆို့ ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေး အထူးသဖြင့် ကျွန်တော်တို့ ၂၀၁၅ မတိုင်ခင်က အကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီက ရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ အများကြီးရှိတယ်။ မဲစာရင်းနဲ့ပတ်သက်တာတွေ ဥပဒေမူဘောင်တွေ နောက်ပြီးတော့ ကော်မရှင်ဖွဲ့စည်းပုံတွေ နောက်ပြီးတော့ ကော်မရှင်က ဘက်လိုက်တယ်ဆိုတာတွေသဘောမျိုးတွေပေါ့။

ဆိုတော့ အခုလက်ရှိ ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်။ ဒါပေမယ့် ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဘယ်ဥပဒေမူဘောင်မှ ကြီးကြီးမားမား မပြင်နိုင်ဘူး။ ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းတွေ ပြင်နိုင်တာတွေရှိတယ်။ ကောင်းပါတယ် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီကော်မရှင်ဟာ အရင်တုန်းကကျတော့ ဦးတင်ဦး ဦးဆောင်တာ ဦးသိန်းစိန်က ခန့်အပ်တယ်။ ဒါကြောင့်မိုလို့ သူ USDP ကို ယိမ်းမှာပဲလို့ ကျွန်တော်တို့ထင်တယ်။ အခုကျတော့ ကျွန်တော်တို့ကော်မရှင်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခန့်အပ်ထားတာ။ နောက်ပြီးတော့ သမ္မတရဲ့ သက်တမ်းချင်းကတူတယ်။ ဆိုတော့ ဥပဒေမူဘောင်ကိုယ်တိုင်က ဒီကော်မရှင်ကို ကျွန်တော် မရိုးသားဘူးလို့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့က လူပုဂ္ဂိုလ်ကို ကြည့်လို့မရဘူး။ မူဘောင်ကိုက အခွင့်အလမ်းပေးနေတာ။ ဆိုတော့ ကျွန်တော်ထင်တယ် အဲဒီလိုဟာမျိုးလေးတွေကိုတော့ ကြီးကြီးမားမား ကျွန်တော်တို့ မလုပ်နိုင်သေးဘူးလို့ ထင်ပါတယ်။ အခြေခံဥပဒေ ထိစရာမလိုပဲနဲ့ အရေးကြီးတဲ့ကိစ္စတွေ အဲဒါမျိုးလေးတွေ ကျွန်တော်တို့ မတွေ့ရသေးဘူး။

အပိုင်း (၁) ကိုအောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/25169

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly