ရွေးကောက်ပွဲ၊ အပစ်ရပ်ရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးများတွင် ပူးပေါင်း လုပ်ဆောင်ရန် UNA နှင့် မိတ်ဖက်အဖွဲ့များ အချက် ၁၇ ချက် သဘောတူ

ရွေးကောက်ပွဲ၊ အပစ်ရပ်ရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးများတွင် ပူးပေါင်း လုပ်ဆောင်ရန် UNA နှင့် မိတ်ဖက်အဖွဲ့များ အချက် ၁၇ ချက် သဘောတူ
UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက်က ကျင်းပစဉ်။

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့်မိတ်ဖက်အဖွဲ့ အစည်းများ၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ ဇူလိုင် ၂၈ ရက်တွင် ရွေးကောက်ပွဲ၊ အပစ်အခတ် ရပ်စဲရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီချက် ၁၇ ချက် ရရှိခဲ့သည်ဟု UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က မဇ္ဈိမ ကိုပြော သည်။  

၎င်းက “အဖွဲ့တွေ အကုန်လုံး ဆွေးနွေးပြီးသွားလို့ ဘုံတင်ပြညှိနှိုင်းချက် ၁၇ ချက် ရပါပြီ၊ မနက်ဖြန် (ဇူလိုင် ၂၉ ) ကြေညာချက်ထုတ်ပြီး လုပ်ငန်းစဉ်တွေ ချမှတ်မှာ ဖြစ်တယ်” ဟု ဆိုသည်။

ဆွေးနွေးရာတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်(NCA) လက်မှတ်ထိုးရန် အထစ်အငေါ့ ဖြစ်နေခြင်းကို တိုးတက်အောင် ဆောင်ရွက်မည့် အစီအစဉ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် များကို ဆက်လက်လုပ်ဆောင်မည့် အခြေအနေများ၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြခြင်းဖြစ်သည်။

UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း “ကျွန်တော်တို့ သဘောတူညီချက်ရဖို့ အချက် ၁၇ ချက်ကို ညှိနှိုင်းနေပါပြီ ၊မနက်ဖြန် ဆိုရင်တော့ ပြောပြနိုင်မှာပါ” ဟု ဆိုသည်။

ရွေးကောက်ပွဲ၊ အပစ်အခတ်ရပ်စဲရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို သဘောတူညီချက်များကို ဆွေးနွေးပြီးပါက ယင်းအချက်များအတိုင်း လုပ်ဆောင်ရန် လုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါ ကော်မတီတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသာမက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ပါဝင်ဖွဲ့စည်းမည်ဟု ဦးအေးသာအောင်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇူလိုင် ၂၇ ရက်က စတင် ကျင်းပပြီး ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ကာ တိုင်းရင်းသားအဖွဲ့များ၊ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း အဖွဲ့ ၃၀ ကျော် တက်ရောက်ခဲ့သည်။

တတိယနေ့ ဆွေးနွေးပွဲအပြီးတွင် ဘုံသဘောတူညီချက်ကို ကြေညာချက်ထုတ်ပြန်ကာ မီဒီယာသို့ အသိပေးသွားမည်ဟုလည်း ဦးအေးသာအောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required