သကြန်ပွဲတော်ကာလအတွင်း တရားမဝင်ဆေးများ ရောင်းချမှုမရှိစေရန် ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေး

သကြန်ပွဲတော်ကာလအတွင်း တရားမဝင်ဆေးများ ရောင်းချမှုမရှိစေရန် ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေး
ဓာတ်ပုံ- အောင်မြတ်သူ

နေပြည်တော်၊ မတ်လ၊ ၂၅ ။               ။ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာရပ်ကွက် အတွင်းတွင် သင်္ကြန်ပွဲတော်ကာလအတွင်း ဆေးဆိုင်များအား မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေမည့်ဆေးနှင့် လိင်စိတ်ကြွဆေးများ ရောင်းချမှု မရှိစေရန် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါစစ်ဆေးခြင်းအဖွဲ့များတွင် " မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ပါတယ်၊ ကျန်းမာရေးအဖွဲ့ပါတယ်" ဟု ပျဉ်းမနား မြို့မရဲစခန်းမှူး တင်ဌေးက ပြောသည်။

“သင်္ကြန်ပွဲတော်ကာလအတွင်းမှာ မှုခင်းအသိပညာပေးလေးတွေဆောင်ရွက်ထားတယ် မူးယစ်ဆေးဝါး စိတ်ကြွဆေးတို့ အဲ့တာတွေနဲ့ပတ်သတ်ပြီးတော့မှ ဆက်စပ်ပြီးတော့မှ တရားမဝင် လူကို အန္တရာယ်ဖြစ်စေတဲ့ ဆေးဝါးတွေရောင်းချခြင်း မရှိဖို့၊ နောက်တစ်ခါ ကာမရာဂဆေးဝါးတွေရောင်းချခြင်းမရှိဖို့၊ နောက်ဆေးဝါးတွေ ဘေးဖြစ်စေတတ်တဲ့ဆေးဝါးတွေ ရောင်းချခြင်းမရှိဖို့ ၊ တားဆီး ကာကွယ်ရှာဖွေ စစ်ဆေး လိုက်တဲ့အတွက်  သူတို့အတွက်သတိပေးသလိုဖြစ်သွားပြီးတော့ ဒီသင်္ကြန်ထဲမှာ မဖြစ်သင့်တဲ့ အန္တရာယ်တွေကို မဖြစ်သင့်တဲ့ပြသနာတွေပေါ့နော်” ဟု ၄င်းကဆိုသည်။

ယခုလို ရှောင်တခင်စစ်ဆေးခြင်းသည် နှစ်တိုင်းပြုလုပ်နေကျ အစီအစဉ်ဖြစ်ပြီး ယနေ့ ရှောင်တခင်စစ်ခြင်းသည် ယခုနှစ်အတွက်ပထမဦးအကြိမ်ဖြစ်ကြောင်းပြောသည်။

ထို့ပြင် ပျဉ်းမနားမြို့တွင် ရပ်ကွက်ခြောက်ခုရှိပြီး မင်္ဂလာရပ်ကွက်အတွင်းရှိဆေးဆိုင်များ စစ်ဆေးပြီးလျှင် ကျန်သည့်ရပ်ကွက်များရှိ ဆေးဆိုင်များတွင်လည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း၄င်းဆိုသည်။

“နှစ်စဉ်နှစ်တိုင်းစစ်သွားတယ် ဒီနှစ်ကတော့ ဒီနေ့က စ စစ်တာပေ့ါ၊ အခုဟာက မင်္ဂလာရပ်ကွက်က စလိုက်တဲ့အတွက် နောက်ပိုင်းမနက်ဖြန် ဒီကဆရာမတွေနဲ့ ညှိပြီးတော့ ဆက်ပြီးတော့မှ စစ်သွားမယ်၊ အဲ့တာမှလည်း ဒီမြို့ပေါ်မှာ ပိုက်စိတ်တိုက်ဖြစ်သွားမယ်၊ မြို့ပေါ်က  ၆ ရပ်ကွက်ရှိတော့ အခုမှ တစ်ရပ်ကွက်ပဲရှိသေးတယ်”ဟု ၄င်းကဆိုသည်။

အဆိုပါမင်္ဂလာရပ်ကွက်တွင်းတွင်၊ ပျဉ်းမနားစျေးကြီးအတွင်းရှိဆေး ဆိုင်များအပါအဝင် ရပ်ကွက်အတွင်းဆေးဆိုင် စုစုပေါင်း ၁၆ ဆိုင်စစ်ဆေးခဲ့ရာတွင် ဆယ့်ငါးဆိုင်တွင် စစ်ဆေးမတွေ့ရှိဘဲ မင်္ဂလာရပ်ကွက်အတွင်း ဦးဘွားလမ်းရှိ ဆေးဆိုင်တွင် ဒိတ်လွန် ဆေးဝါးအချို့သာတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆေးဆိုင်အား ကျန်းမာရေးဌာနနှင့်ညှိုနှိုင်းပြီး ဒိတ်လွန်ဆေးဝါးများအားနောက်နောင် မရောင်းချဖို့ ခံဝန်ချုပ်ရေးထိုးခိုင်းခဲ့ကြောင်း ၄င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly