လန်ဒန်တိုက်ခိုက်မှု၌ ဆက်နွှယ်သူ နောက်ထပ်နှစ်ဦးကို ဖမ်းဆီး

လန်ဒန်တိုက်ခိုက်မှု၌ ဆက်နွှယ်သူ နောက်ထပ်နှစ်ဦးကို ဖမ်းဆီး

လန်ဒန်၊ မတ် ၂၄ ။               ။ ဗြိတိန်နိုင်ငံ ဝတ်မင်စတာအရပ် လွှတ်တော်အနီးဖြစ်ပွားသည့် တိုက်ခိုက်မှု၌ ဆက်နွှယ်သူများအား ရဲစီးနင်းမှုအတွင်း နောက်ထပ်နှစ်ဦးကို ဖမ်းဆီးခဲ့ရကြောင်း ရဲက မတ် ၂၄ ရက်တွင် ပြောသည်။

မတ် ၂၂ ရက်ဖြစ်ပွားသော ယင်းတိုက်ခိုက်မှုတွင် တိုက်ခိုက်မှု ကျုးလွန်သူအပါအဝင် လူငါးဦး သေဆုံးသည်။

ဗြိတိန်နိုင်ငံတစ်ဝန်း လုံခြံုရေးစစ်ဆင်မှုများလည်း ဆောင်ရွက်ရာ ရဲက ဖမ်းဆီးထိန်းသိမ်းထားသူ ကိုးဦး ရှိနေသည်။

“ပြီးခဲ့တဲ့ ညက စီးနင်းမှုမှာ နောက်ထပ် လူနှစ်ဦးကို ကျွန်တော်တို့ ဖမ်းဆီးခဲ့တယ်။”ဟု ရဲတပ်ဖွဲ့ ယာယီလက်ထောက်ရဲမင်းကြီးနှင့် အကြမ်းဖက်ဖြိုခွင်းရေး အကြီးအကဲ မတ်ရိုးလေးက ပြောသည်။

“ကျွန်တော်တို့တွေ နေရာလိပ်စာ ငါးနေရာကို ရှာဖွေမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်။ ၁၆ နေရာအထိ ရှာဖွေရှင်းလင်းပြီးဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရှာဖွေစီးနင်းမှုတွေမှာ ကွန်ပြူတာအချက်အလက် အများအပြားအပါအဝင် သက်သေသတင်းအချက်အလက်တွေ ၂၇၀၀ အထိ ရရှိခဲ့တယ်။”ဟု ၎င်းက ဆိုသည်။

ဘာသာရေးအစွန်းရောက်တစ်ဦးဖြစ်သည့် တိုက်ခိုက်ကျုးလွန်သူက ယင်းနေ့တွင် ဝတ်မင်စတာတံတားတစ်လျှောက် ကားဖြင့် လိုက်လံ ဝင်တိုက်ခြင်းဖြစ်သည်။ လွှတ်တော်အပြင်ဖက် အရံအတားနှင့် ကားတိုက်မိကာ ၎င်းက ကားပေါ်မှ ဆင်းလာပြီး လက်နက်မဲ့ ရဲတစ်ဦးအား ဓားဖြင့် ထိုးခုတ်ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်သူအား ရဲက ပစ်ခတ်နှိမ်နှင်းခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ အနည်းဆုံး ၅၀ ရှိရာ ဆေးရုံတွင် ကုသနေဆဲက ၃၁ ဦးရှိပြီး နှစ်ဦးအခြေအနေမှာ စိုးရိမ်ရကာ တစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags