“သမိုင်းတစ်လျှောက် စိတ်ကြွဆေး အများဆုံး ဖမ်းဆီးရမိမှု၊ ဘာအဓိပ္ပာယ်ဆောင် သလဲ ”

“သမိုင်းတစ်လျှောက် စိတ်ကြွဆေး အများဆုံး ဖမ်းဆီးရမိမှု၊ ဘာအဓိပ္ပာယ်ဆောင် သလဲ ”

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း၊ အိုးအိမ်(၆)လမ်းမှာ မူးယစ်ဆေးဝါး အပြည့်တင်ထားတဲ့ အလုံပိတ် ကားတစ်စင်း ဖမ်းဆီးရမိမှု သတင်းဟာ စိတ်ဝင်စားဖို့ ကောင်း သလို၊ မြန်မာနိုင်ငံအတွက်လည်း အလွန် စိုးရိမ်စရာကောင်းတာ တွေ့ရပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးကလည်း နည်းနည်းနောနော မဟုတ်ပါဘူး။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သမိုင်းမှာ တစ်ကြိမ်တည်းနဲ့ အများဆုံးဖြစ်တဲ့ အင်ဖက်တမင်းလို့ ခေါ်တဲ့ စိတ်ကြွဆေး အလုံးရေ ၂၇ သန်းနီးပါး ဖမ်းဆီးရမိမှုပါ။

တချို့နှစ်တွေမှာတစ်နှစ်လုံး ဖမ်းမိတဲ့ အရေအတွက်ထက်တောင် များနေပါသေးတယ်။ ဘယ်နည်းဘယ်ပုံ ဖမ်းမိတာလဲ၊ မြန်မာနိုင်ငံ အနေနဲ့ မူးယစ်ဆေးဝါး အန္တရာယ် ခြိမ်းခြောက်မှု ဘယ်အဆင့်ရောက်နေ ပြီလဲဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ရအောင်ပါ။

ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေကို လက်လီပေါက်ဈေး တစ်ပြား ၅ ဒေါ်လာနှုန်းနဲ့ တွက်ရင်တောင် ဒေါ်လာ သန်း ၁၃၀ ကျော်ဖိုးလောက် ရှိမှာပါ။ နည်းတဲ့ ငွေပမာဏ မဟုတ်ပါဘူး။ စိတ်မကောင်းစရာ ကတော့ ဒီလောက် ပမာဏ အများကြီး ဖမ်းဆီးရမိတာဟာ ရဲတပ်ဖွဲ့၊ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ကြိုတင်သတင်းရရှိ ဖမ်းဆီးဖော်ထုတ်နိုင်တာမျိုး မဟုတ်သလို၊ စစ်ဆေးရေး ဂိတ်တွေမှာ စစ်ဆေးရင်း ပေါ်ပေါက်လာတာမျိုးလည်း မဟုတ်ပါဘူး။

ကားစက် ချို့ယွင်းနေတုန်း လှည့်ကင်းက မတော်တဆ တွေ့၊ ကားပေါ်ပါလာသူတွေက စိုးရိမ်ကြောက်လန့် ထွက်ပြေးတော့မှ မသင်္ကာဖြစ်၊ ကားတံခါးကို ဖွင့်ဖောက် စစ်ဆေးတော့မှ ဒီ မူးယစ်ဆေးဝါးတွေ ကို မိခဲ့တာပါ။ ပိုင်ရှင်မဲ့ သဘော မိတာဖြစ်ပြီး လူတစ်စုံတစ်ယောက်ကိုမှလည်း ဖမ်းဆီးရမိထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။ တကယ်လို့များ ကားမတော်တဆ မပျက်ရင် လှည့်ကင်းကလည်း ကံမဆုံ မတိုးမိကြရင် ဒီ မူးယစ်ဆေးဝါးတွေဟာ သူ့ ဦးတည်ရာ လမ်းကြောင်း အတိုင်း ရောက်ရှိသွားမှာပါ။

သတင်းဖော်ပြချက်တွေမှာတော့ ဒီ မူးယစ်ဆေးဝါးတွေဟာ ပင်လယ် ရေကြောင်းခရီးကနေ နိုင်ငံခြားကို သယ်ဆောင်သွားဖို့ ခန့်မှန်းရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး လာရာလမ်း ဖြစ်နိုင်တဲ့ ရှမ်းပြည်ဘက် လမ်းတစ်လျှောက်က ဂိတ်တွေကို ပြန်စစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းမိတဲ့ အဲဒီ ကားပေါ်ကနေ တခြားကားတစ်စီးရဲ့ ကားလိုင်စင်တစ်ခု ထပ်တွေ့ရပြီး အဲဒီ လိုင်စင်နံပတ်နဲ့ ကားအပြာတစ်စီးကို အမှတ်(၃) လမ်းဆုံ မီးပွိုင့်အကျော် ဇေကမ္ဘာလုံခြုံရေး ဂိတ်မှာ ထပ်ပြီးတွေ့တယ်လို့ ဆိုပါတယ်။ အဲဒီကားပေါ်ကနေ နောက်ထပ် မူးယစ်ဆေးတွေ ထပ်တွေ့မတွေ့၊ ပိုင်ရှင်ဖော်ထုတ်နိုင်ပြီလား ဘာမှ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမည်မဖော်လိုသူ ရဲအရာရှိတစ်ယောက်ကို ကိုးကားပြီး The Voice သတင်းစာ ဖော်ပြချက်မှာတော့ ဒီ စိတ်ကြွဆေးတွေဟာ ရန်ကုန်မှာပဲ ထုတ်လုပ်တာမျိုး ဖြစ်နိုင်မလား၊ သူတို့ လျှို့ဝှက် စုံစမ်းမှုတွေ လုပ်နေတယ်ဆိုပြီး ပြောဆိုထားပါတယ်။ ဒီအချက်သာ တကယ်ဖြစ်ခဲ့ရင် တော့ အတော့်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ် သွားပါပြီ။

လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ စိတ်ကြွ မူးယစ်ဆေး ပြဿနာကို ပြန်သုံးသပ် ကြည့်ရင် အကြောင်းချင်းရာ သုံးခု မြင်တွေ့ရမယ် ဖြစ်ပါတယ်။ တစ်ခုကတော့ မြန်မာနိုင်ငံထဲမှာ ထုတ်လုပ်ပြီး ပြည်ပကို ခိုးထုတ်တာပါ။ အဲဒီနေရာမှာလည်း နယ်စပ်ကနေတစ်ဆင့် ခိုးထုတ်တာ ရှိသလို၊ ခုလို ပြည်တွင်းထဲကို သယ်လာ၊ ရေကြောင်း၊ ကုန်းကြောင်းတွေကနေတစ်ဆင့် နိုင်ငံခြား ခိုးထုတ်တာပါ။ ပြီးခဲ့တဲ့နှစ် ရန်ကုန်မှာ သိန်းနဲ့ချီတဲ့ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့စဉ်တုန်းကတော့ ရခိုင်ပြည်နယ်ကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ခိုးသွင်းဖို့ ဖြစ်နိုင်တယ်ဆိုပြီး မှန်းဆကြပါ တယ်။ တချို့ကတော့ စက်လှေတွေ၊ သင်္ဘောတွေနဲ့တင်ပြီး နိုင်ငံတကာ ရေပိုင်နက်မှာ လွဲှပြောင်း ပေးကြတာမျိုးပါ။

နောက် အကြောင်းချင်းရာ တစ်ခုကတော့ စိတ်ကြွဆေးပြားတွေကို ပြည်တွင်းမှာပဲ ဖြန့်ဖြူးတာပါ။ ရန်ကုန်မှာ စိတ်ကြွ မူးယစ်ဆေး အသုံးပြုတဲ့ နှုန်းထား တိတိကျကျ မသိနိုင်ပေမယ့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် ဘက်တွေမှာတော့ စိတ်ကြွဆေး သုံးစွဲသူများ တယ်၊ ဒါဟာ အမျိုးသားရေး ပြဿနာကြီးတစ်ရပ်တောင် ဖြစ်လာပြီဆိုပြီး ထောက်ပြမှုတွေတောင် ရှိလာနေတာပါ။ နောက် ပြဿနာ တစ်ခုကတော့ ပြည်တွင်းစစ်နဲ့ မူးယစ်ဆေးဝါး အဆက်အစပ်ပါ။

တချို့သော လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေဟာ သူတို့ အဖွဲ့အစည်း ရပ်တည်နိုင်ရေး အတွက် စိတ်ကြွဆေးလို မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းချမှုတွေရှိတယ်ဆိုပြီး စွပ်စွဲကြသလို၊ တချို့လက်နက်ကိုင် ခေါင်းဆောင်တွေကလည်း ဒီအချက်ကို ဝန်ခံထားကြပါတယ်။ တစ်ဘက်မှာ အစိုးရကလည်း လက်နက်ကိုင် တိုင်းရင်းသားတွေကို တန်ပြန် ရင်ဆိုင်နိုင်ဖို့ ဌာနေ ပြည်သူ့စစ် အဖွဲ့တွေကို မွေးမြူထားပြီး အဲဒီ အဖွဲ့တွေကလည်း မူးယစ်ဆေးဝါး ထုတ်လုပ်ကြတယ်လို့ ပြန်ပြီး ထောက်ပြကြပါတယ်။

ပြောရရင် မြန်မာနိုင်ငံဟာ မူးယစ်ဆေး အန္တရာယ်ထဲကို ကျရောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီလို့တောင် ပြောနိုင်ပါတယ်။ မူးယစ်ဆေး ထုတ်လုပ်ပြီး အိမ်နီးချင်းနဲ့ နိုင်ငံတကာ တင်ပို့ တာဟာ အတော်ဆိုးရွားတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ပြည်တွင်းစစ် အကြောင်းပြုပြီး မူးယစ် ဆေး ထုတ်လုပ်ကြသလို၊ မူးယစ်ဆေး ထုတ်လုပ်လို့လည်း ပြည်တွင်းစစ်ပို ကြာရှည်စေပါတယ်။ တိုင်းရင်းသားနဲ့ ပြည်သူ အများစု မူးယစ်ဆေးစွဲ သားကောင်ဘဝ ရောက်ရတာကလည်း အတော်လေးကို ဝမ်းနည်းဖို့ ကောင်းတဲ့ ပြဿနာပါ။

ဒီအတွက် နိုင်ငံတွင်းက မူးယစ်ဆေးဝါး ပြဿနာကို တကယ် တာဝန်ရှိတဲ့ အစိုးရပိုင်းက လူတွေ၊ လွှတ်တော်အမတ်တွေ ဝိုင်းပြီး အဖြေရှာသင့်ပါပြီ။ တစ်နှစ်တစ်ခါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ ဖမ်းမိ မူးယစ်ဆေးဝါး နည်းနည်းပါးပါး မီးရှို့ဖျက်ဆီးပြရုံနဲ့ ပြဿနာ မပြေလည်ဘူးဆိုတာ နားလည် လက်ခံဖို့ လိုပါပြီ။ ဖြစ်နိုင်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ရေး၊ နိုင်ငံရေးကိစ္စ ညှိနှိုင်းဖြေရှင်းနေကြ တဲ့နည်းတူ မူးယစ်ဆေးဝါး ပြဿနာကိုလည်း ပူးတွဲဖြေရှင်းကြဖို့ လိုပါတယ်။ အထူးသဖြင့် တိုင်းပြည်အတွက် တာဝန်အရှိဆုံး အစိုးရအနေနဲ့ ဒီ ပြဿနာကြီးကို ထိထိရောက်ရောက် ကိုင်တွယ်ရမယ့်အပြင်၊ အခုဖြစ် ပွားခဲ့တဲ့ မှုခင်းကြီးလိုပဲ တခြား မှုခင်းတွေကိုပါ ပြည်သူတွေ သိရှိနားလည်လာအောင် ပွင့်လင်းမြင်သာမှုရှိရှိ သတင်းမှန် ထုတ်ပြန်ပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required