ကျောက်စိမ်းနှင့် ကျောက်မျက် အရောင်းပြပွဲတွင် ကျပ်သန်း ၆သောင်းကျော်ဖိုး ရောင်းရ

ကျောက်စိမ်းနှင့် ကျောက်မျက် အရောင်းပြပွဲတွင် ကျပ်သန်း ၆သောင်းကျော်ဖိုး ရောင်းရ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၄ရက် ၂၀၁၇ခုနှစ်)။ ။ ယခုနှစ်အတွင်း မြန်မာကျပ်ငွေဖြင့် နေပြည်တော်တွင် ပထမဆုံးအကြိမ် ရောင်းချသော ကျောက်မျက်နှင့် ကျောက်စိမ်း အရောင်းပြပွဲတွင် ကျပ်သန်းပေါင်း ၆၁၉၁၅ဒဿမ ၂၀ ဖိုး ရောင်းချခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက သတင်းထုတ်ပြန်လိုက်သည်။

ရောင်းချရသည့် ကျောက်စိမ်းအတွဲပေါင်း ၄၁၃၇တွဲမှ ကျပ်သန်း ၅၅၉၄၀ဒဿမ ၃၃နှင့် ကျောက်မျက်အတွဲပေါင်း ၁၃၀တွဲမှ ကျပ်သန်း ၅၉၇၄ဒဿမ ၈၇၊ စုစုပေါင်း ကျပ်သန်း ၆သောင်းကျော် ရောင်းချခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင်များ ကုန်ကြမ်းရရှိရေးအတွက် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းဝင်းအတွင်း ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲပေါင်း ၄၆၄၉တွဲကို မတ်လ ၁၉ရက်မှ ၂၃ရက်ထိ ရောင်းချခဲ့ခြင်း ဖြစ်သည်။

ရောင်းချရသည့် ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲများအတွက် ရက်ပေါင်း ၆၀အတွင်း ငွေချေရန် ပြပွဲကျင်းပရေးကော်မတီက သတ်မှတ်ထားသည်။

ယခုကျင်းပသည့် ကျောက်မျက်နှင့် ကျောက်စိမ်းရောင်းချပွဲတွင် ရတနာကုန်သည်ပေါင်း ၁၈၆၅ဦး လာရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required