ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီ စိုးရိမ်မှုမရှိဟု ဦးရွှေမန်းပြော

ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီ စိုးရိမ်မှုမရှိဟု ဦးရွှေမန်းပြော
 
 
 
 
 
 

နေပြည်တော် (မဇ္ဈိမ) ။ ။ ဗဟိုဦးစီးစနစ်ကိုလျှော့ချပြီး ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးနေပြီဖြစ်သည့်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် စိုးရိမ်စရာမရှိဟု ပါတီဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက ပြောသည်။

“ပြုပြင်ပြောင်းလဲရေးအတွက် ကျွန်တော်တို့က အပြောမဟုတ်ဘဲနဲ့ အလုပ်နဲ့သွားနေတာဖြစ်တဲ့အတွက် ဒီအပေါ်ပြည်သူတွေပိုပြီး နားလည်လာတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲအတွက် ကျွန်တော်တို့စိုးရိမ်မှုမရှိပါဘူး” ဟု ဇူလိုင် ၂၈ရက်က ဘီဘီစီမြန်မာပိုင်းနှင့်သီးသန့်တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် သူရဦးရွှေမန်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၈ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း အများဆုံးနေရာရမည်ဟု ထင်ကြေးပေးနေကြသည့် တိုင်းရင်းသားပါတီများနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုလည်း စိုးရိမ်မှုမရှိဟု ပြည်ထောင်စုလွှတ်တော်၏ နာယကလည်းဖြစ်သူ သူရဦးရွှေမန်းက ဆိုသည်။

သို့သော် သူရဦးရွှေမန်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နားလည်မှု၊ ယုံကြည်မှုနှင့် သဘောတူညီမှု ရယူထားပြီးဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးစီးပွားအတွက်ဆိုရင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မယ်။ ရွေးကောက်ပွဲကျလို့ရှိရင်တော့ အနိုင်ရအောင်ပြိုင်ကြမယ်။ ဒါကျွန်တာ်တို့ရဲ့ နားလည်မှု၊ ယုံကြည်မှု” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးပါတီ အနိုင်ရလာပါက သမ္မတလောင်းအတွက် မည်သူ့ကို လျာထားသည်ကိုမူ သူရဦးရွှေမန်းက “အချိန်တန်ရင် ကြေငြာမှာဖြစ်ပါတယ်။ စဉ်းစားလို့လည်း ရနိုင်ပါတယ်” ဟုသာ ပြောသည်။

ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်မရှိပါကလည်း နိုင်ငံရေးလောကမှ ထွက်ခွာဦးမည်မဟုတ်ဘဲ “အသက်ရှင်ကျန်းမာသရွေ့ ပေးတဲ့တာဝန်ကိုကျေပွန်အောင်လုပ်မယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

လက်ရှိ အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံးက ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြီးလည်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ စေတနာမှန်၊ လုပ်နည်းလုပ်ဟန်မှန်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဌဖြစ်သူ ဦးဌေးဦးကလည်း ရွေးကောက်ပွဲတွင် ရာနှုန်းပြည့် အနိုင်ရမည်ဟုယုံကြည်ကြောင်း ပြီးခဲ့သည့်ရက်က ပြောဆိုထားသည်။
 
ပါတီဥက္ကဌဖြစ်သူ သူရဦးရွှေမန်းမှာ လာမည့်ရွေးကောက်ပွဲတွင် လက်ရှိမဲဆန္ဒနယ်ဖြစ်သော နေပြည်တောင် ဇေယျာသီရမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘ ၎င်း၏ ဇာတိဖြစ်သော ဖြူးမြို့နယ်ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်အမတ်နေရာအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေငြာထားပြီးဖြစ်သည်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly