လယ်ယာစွန့်ပစ်ပစ္စည်း စပါးခွံမှ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ ဖွင့်လှစ်

လယ်ယာစွန့်ပစ်ပစ္စည်း စပါးခွံမှ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ ဖွင့်လှစ်

နေပြည်တော်။ ၊ မတ် ၊၂၃ ။                ။ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စပါးခွံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံ စတင်ဖွင့်လှစ်ခြင်းကို မတ်လ ၂၃ရက် နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအုပ်စုအတွင်းရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (Mapco)၏ နေပြည်တော်အဆင့်မြင့်ဆန်စက်တွင် ကျင်းပခဲ့သည်။

“လျှပ်စစ်စွမ်းအင်လိုအပ်ချက်များပြားနေတဲ့ ကျွန်တော်တို့လိုနိုင်ငံမှာ ယခုလိုလယ်ယာထွက်ကုန်ဘေးထွက် ပစ္စည်းကနေ ပြီးတော့ Waste to Energy ပြောင်းလဲနိုင်တဲ့ နည်းပညာတွေကို ရရှိခဲ့တဲ့အတွက် စွမ်းအင် အရင်းအမြစ်မှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုတွေကို လျော့ချနိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်းပဲ ရရှိလာမှာဖြစ်ပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးအောင် နှင့် ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့သည်။

ယခုဖွင့်လှစ်လိုက်သည့် စက်ရုံသည် လျပ်စစ်ဓာတ်အား ၀.၅ မဂ္ဂါ၀ပ်သာ ထုတ်လုပ်နိုင်သော်လည်း စွမ်းအင်ကဏ္ဍတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍအတွက် ကောင်းမွန်သည်ဟု ဒေါက်တာအောင်သူက ဆိုသည်။

အဆိုပါစက်ရုံကို ဂျပန်နီုင်ငံမှ ပံ့ပိုးကူညီတည်ဆောက်ပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နမူနာကောင်းဖြစ်သည်ဟု ဆိုသည်။

“ယခုဂျပန်နိုင်ငံက ကူညီပံ့ပိုး တည်ဆောက်ပေးတဲ့ စပါးခွံဓာတ်ငွေ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ ၀.၅ မဂ္ဂါ၀ပ် ထုတ်လုပ်နိုင်တဲ့စက်ရုံဖြစ်ပြီး Capacity အနေနဲ့လည်း ကြီးမားတယ်လို့မဆိုနိုင်ပေမယ့်လည်း ကျွန်တော်တို့ရဲ့ စွမ်းအင်ကဏ္ဍ တိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကဏ္ဍအတွက် ထိရောက်ကောင်းမွန်တဲ့ စံနမူနာကောင်း ဖြစ်တယ်လို့ လေးလေးနက်နက် ယုံကြည်ပါကြောင်း” ဒေါက်တာအောင်သူက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား အမြင့်ဆုံးလိုအပ်သည့် အရေအတွက်သည် ၃၁၀၀ မဂ္ဂါ၀ပ်ခန့် ဖြစ်လာနိုင်သည်ဟုခန့်မှန်းတွက်ချက်ထားပြီး အမှန်တကယ်ထုတ်လုပ်နိုင်မှုသည် ၂၈၅၆ မဂ္ဂါ၀ပ်သာ ထုတ်လုပ်နိုင်သည့်အတွက် ၂၄၄ မဂ္ဂါ၀ပ် ဓာတ်အား လိိုအပ်လျက်ရှိသည်။

လယ်ယာစိုက်ပျိုးထွက်ကုန်များ ထွက်ရာအရပ်ဖြစ်သော ဧရာဝတီတိုင်းလိုအပ်နေသော လျှပ်စစ်ဓာတ်အားသည် ၉၅ မဂ္ဂါ၀ပ်ခန့်ရှိသည်ဟု ဒေါက်တာအောင်သူပြောဆိုချက်အရ သိရသည်။

ယခု စပါးခွံသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၀.၅ မဂ္ဂါ၀ပ်အားရှိသည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပြီး ဆန်စက်လည်ပတ်ရာတွင် အသုံးပြုမည်ဖြစ်ကာ ပိုလျှံဓာတ်အားကို အနီးနားရှိ ရွာများသို့ ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။

ယခုဖွင့်လှစ်လိုက်သည့် အဆိုပါစီမံကိန်းကို တည်ဆောက်ရေးကာလ ငါးလအတွင်း MAPCO, Yanmar, Chiyoda and Public Works, Chiyoda System Techonology နှင့် Kenso Techno ကုမ္ပဏီတို့က အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင်လည်း အလားတူစီမံကိန်းများ ဆောင်ရွက်သင့်ကြောင်း ဒေါက်တာအောင်သူက ပြောခဲ့သည်။

အဆိုပါ စက်ရုံမျိုးအား ကျိုက်လတ်မြို့နယ်ရှိ MAPCO Golden Lace ဆန်စက်တွင် စက်တပ်ဆင်အင်အား ၂.၂  မဂ္ဂါ၀ပ်ရှိတဲ့ Biomass Power Plant ကို လာမည့် မေလ ၁ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး့၊ ဧရာဝတီတိုင်း မြောင်းမြ မြို့နယ် တွင် ၁.၆ မဂ္ဂါ၀ပ် ရှိတဲ့ Power Plant ကို လာမည့်နှစ် ၂၀၁၈ခုနှစ်တွင် ဖွင့်လှစ်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း ဦးချစ်ခိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly