ထိုင်း-မြန်မာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် နှစ်နိုင်ငံအစိုးရတို့ ဇူလိုင် ၂၈ရက်က သဘောတူလက်မှတ်ရေးထိုး

ထိုင်း-မြန်မာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် နှစ်နိုင်ငံအစိုးရတို့ ဇူလိုင် ၂၈ရက်က သဘောတူလက်မှတ်ရေးထိုး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဗီဇာမလိုဘဲ နှစ်ပတ်ကြာ သွားရောက် နေထိုင်နိုင်ခွင့်ကို နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူများက ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Shangri la ဟိုတယ်တွင် သဘောတူညီ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

ဇူလိုင်လ ၂၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၈ ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာ ပူးတွဲကော်မရှင် အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒု-ဝန်ကြီးချုပ် ဗိုလ်ချုပ် (Tanasak Patimapragorn)တို့ နှစ်ပတ်ကြာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်အတွက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယင်းသဘောတူညီချက်သည် ထိုင်း-မြန်မာ နှစ်နိုင်ငံ လေကြောင်းခရီးဖြင့် သွားလာမှုအတွက်သာ အကျုံးဝင်ဦးမည်ဖြစ်သည်။

“မြန်မာနဲ့ထိုင်းက အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ အသွားအလာလည်း တဖြည်းဖြည်း များလာတဲ့အတွက် လွယ်လွယ်ကူကူ သွားလို့ရအောင်၊ ထိုင်းနဲ့ မြန်မာ ချစ်ကြည်ရေးလည်း ရအောင်၊ ထိုင်းလူမျိုးတွေရော၊ မြန်မာ လူမျိုးတွေရော များများသွားသွားလေ ပြည်သူတွေ စီးပွားရေးတွေ၊ လူမှုရေး၊ ကျန်းမာရေးတွေ ကောင်းအောင်လို့ သဘောတူ လက်မှတ်ထိုးရတာပါ”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်က မဇ္ဈိမကို ပြောသည်။ 

ဇူလိုင်လ ၂၁ ရက်က နှစ်နိုင်ငံ ၁၄ ရက်ကြာ ဗီဇာမလိုဘဲ နေထိုင်သွားလာခွင့်ကို ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ယနေ့ နှစ်နိုင်ငံ လက်မှတ်ရေးထိုးပြီးနောက် တစ်လ အကြာတွင် အသက်ဝင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရက ဗီဇာကင်းလွတ်ခွင့်ကို အာဆီယံနိုင်ငံများထဲမှ ထိုင်းနိုင်ငံ အပါအဝင် ၇ နိုင်ငံ လက်မှတ်ရေးထိုးပြီး ဖြစ်ပြီး လာမည့် နှစ်များတွင် မလေးရှားနိုင်ငံနှင့် စင်္ကပူနိုင်ငံများကိုလည်း ဗီဇာကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထိုင်း-မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ဗီဇာလျှောက်စရာမလိုတော့ဘဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်ထွက်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာလေဆိပ်များဖြစ်သော သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ချင်းမိုင်၊ ချင်းရိုင်၊ ဖူးခက်၊ မဲဆောက်၊ မယ်ဟောင်ဆောင် အပါအဝင် လေဆိပ်ပေါင်း ၂၀ ကျော်တွင် သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက် နယ်စပ်မြို့များမှ ထိုင်းနိုင်ငံသို့ သွားလိုသူ ရွှေ့ပြောင်း အလုပ်သမားများအတွက် ဗီဇာ တစ်လ နှင့် ခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့် နှစ်ပတ် သွားလာနိုင်မည့် မူကို နှစ်နိုင်ငံအကြား ဆွေးနွေးနေဆဲ ဖြစ်သည်ဟု သံအမတ် ဦးဝင်းမောင်က ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်မွန်း မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တကောဏ္ဍည မထေရ်မြတ်အား မြန်မာအစိုးရက “အဂ္ဂမဟာပဏ္ဍိတ” ဘွဲတံဆိပ်တော်ကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ယနေ့ ဇူလိုင်လ ၂၈ ရက်က တက်ရောက် ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

“နှစ်စဉ် ပြည်တွင်းပြည်ပ ဆရာတော်ကြီးတွေကို နိုင်ငံတော် သမ္မတကြီးက ဘွဲ့ကပ်ပါတယ်။ အဲဒီအချိန်မှာ ထိုင်းနိုင်ငံက ထိုင်းဘုန်းတော်ကြီးနှစ်ပါးနဲ့ မြန်မာဘုန်းကြီးတစ်ပါးရတယ်။ သူတို့တွေ မယူနိုင်လို့၊ အသက်လည်း ကြီးတော့ မြန်မာပြည်ကိုသွားပြီး မယူနိုင်တဲ့အတွက် ဒီမှာ အစည်းအဝေးလုပ်တုန်း အဲဒီဘွဲ့ကို ကပ်ပေးတာ”ဟု သံအမတ် ဦးဝင်းမောင်က ပြောသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် ဒုဝန်ကြီးချုပ် ဗိုလ်ချုပ် တာနာဆတ် ပတ်တီမာပရာဂေါန် (Tanasak Patimapragorn)ကလည်း အဆိုပါ ပွဲသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly