အစိုးရ တစ်နှစ် သက်တမ်းအတွင်း ဘာတွေလုပ်ဆောင်ခဲ့သလဲ၊ အားနည်းချက်တွေက ဘာတွေလဲ (နိဂုံးပိုင်း)

23 March 2017
အစိုးရ တစ်နှစ် သက်တမ်းအတွင်း ဘာတွေလုပ်ဆောင်ခဲ့သလဲ၊ အားနည်းချက်တွေက ဘာတွေလဲ (နိဂုံးပိုင်း)

Mizzima Dialouge TV Show အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ အစိုးရ တစ်နှစ်ပြည့်အခြေအနေမှာ ဘာတွေများ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီးပြီလဲ ဘာတွေများ လိုအပ်ချက် ရှိနေသေးလဲဆိုတဲ့ အခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော် ဒီနေ့ ဖိတ်ခေါ်ထားတဲ့သူတွေကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ ဒေါ်သဥ္ဇာရွှန်းလဲ့ရည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးကျော်ဇေယျ နဲ့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

ဦးမျိုးသန့် (Mizzima Media)

ဆရာမကို ကျွန်တော်မေးပါရစေ။ အဲတော့ ကျွန်တော်တို့က ပြီးခဲ့တဲ့တစ်နှစ်မှာ လူငယ်မူဝါဒကို အကောင်အထည်ဖော်ဖို့ လုပ်လာခဲ့ပြီ ဒါက ပထမခြေလှမ်းပေါ့နော်။ လူငယ်တွေအနေနဲ့ရော အခြားပေါ့နော် မဲပေးခဲ့ကြမှာပါ ။ ဒီ ရွေးကောက်ပွဲမှာပေါ့။ တခြားမျှော်လင့်ချက်တွေရော ဘယ်လောက်ထိ နီးစပ်လာပြီလဲ။ ဥပမာ- ကျွန်တော် လူငယ်အနေနဲ့ တွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ အနားယူနိုင်တဲ့ ပန်းခြံတွေမရှိဘူး။ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ အားကစားကွင်းတွေ မရှိဘူး။ ဒါကလည်း ပြောင်းလဲချိန်တန်ပြီဆိုတော့ ဒါတွေကိုလည်း ဖန်တီးပေးနိုင်စွမ်း ရှိရမယ်။ တကယ့် အဲဒီ လူငယ်တွေရဲ့ အနားယူအပန်းဖြေနိုင်မယ့် ဖိအားတွေကို ဖြေလျော့နိုင်မယ့်အရာတွေရော အစိုးရအနေနဲ့ ဘယ်လောက်ထိ လုပ်ခဲ့ပေးပြီးပြီလဲ။

မသဥ္ဇာရွှန်းလဲ့ရည် (နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦး)

လူငယ်တွေအတွက်ဆိုရင် စောနကကျွန်မပြောတဲ့ မူဝါဒတို့ အဲဒါတွေ အကုန်ပါမှာပေါ့နော်။ လူငယ်တွေအတွက် သူတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ သူတို့အတွက် ရင်းနှီးမြှုပ်နှံ့မှုအပိုင်းတွေ ပါလာလိမ့်မယ်။ အဲဒီအတွက်လည်း ကျွန်မတို့ ရေရှည်ပလန်အနေနဲ့ စပြီးတော့ ရေးသားနေကြပြီဆိုတော့ လက်တွေ့မှာတော့ ခုနကပြောတဲ့ ရန်ကုန်တိုင်းမှာဆိုရင်တော့ အဓိကအားဖြင့် စည်ပင်သာယာရေး ရွေးကောက်ပွဲတွေမှာ လူငယ်တွေရဲ့အသံတွေ ပါဝင်အောင် စည်ပင်သာယာရေး ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်ရေးဘက်မှာ လူငယ်တွေရဲ့အသံ ပါဝင်အောင်ဆိုပြီးတော့ ရည်ရွယ်ချက်တွေလည်း အများကြီးပါဝင်ပါတယ်။ လူငယ်တွေရဲ့ လူမှုဘဝ သူတို့ရဲ့ စိတ်ခံစားချက်တွေ အဓိက စိတ်ကျရောဂါတွေဖြစ်ကြတာဟာ လူငယ်တွေ အများစု ဖြစ်ကြတယ်။ ပြီးတော့ အနာဂါတ်ခေါင်းဆောင်လို့ ပြောကြတဲ့ လူငယ်တွေအတွက်ရော ဘယ်လောက်တောင် ရင်းနှီးမြှုပ်နှံ့မှုရှိပြီလဲ ကျွန်မတို့အစိုးရကို မေးခွန်းထုတ်တဲ့အပိုင်းတွေမှာ အဓိကအားဖြင့်တော့ ဒီဥပဒေတွေနဲ့ ဆက်နွယ်ပြီးတော့ လူငယ်တွေအတွက်ကို ဘယ်လောက်ထိ ဖန်တီးပေးနိုင်မလဲ။ ရန်ကုန်တိုင်းဆိုရင် အဓိကအားဖြင့် လူငယ်အများစု နေကြတယ်လို့ ပြောလို့ရတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးက ရွှေ့ပြောင်းနေထိုင်လာကြကုန်သော လူငယ်မြောက်များစွာက ရန်ကုန်တိုင်းကို ရောက်လာကြတယ်။ ရောက်လာပြီးတဲ့အခါမှာ ကျွန်မတို့ဖြစ်စေချင်တာကတော့ အခုဆိုရင် မြို့သစ်စီမံကိန်းလုပ်တယ်လို့ပြောတယ် ဒီမြို့သစ်စီမံကိန်းမှာ နေသွားရမှာက ဘယ်သူတွေလဲပေါ့နော်။ ဆက်လက်ပြီးတော့ အသက်ရှင်ပြီးတော့ အသက်ရှည်အကြာကြီး နေသွားရမှာက လူငယ်ထုတွေ ဖြစ်ပါတယ်။ ဆိုတော့ ဒီမြို့သစ်စီမံကိန်းမှာ ဘယ်လိုမျိုး ပုံစံတွေ ပါဝင်သင့်သလဲ မြို့သစ်စီမံကိန်းကို ဘယ်လိုမျိုး မျှော်လင့်နေသလဲဆိုတာက လူငယ်တွေရဲ့အသံတွေ အကြံပြုချက်တွေ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ အဓိကတွေ့ရတဲ့ အားနည်းချက်က ရန်ကုန်တိုင်းမှာတင်မဟုတ်ပါဘူး တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လူထုဆီကနေ အသံနားထောင်တဲ့ ခံယူချက်နဲ့နားထောင်တဲ့ စနစ်တွေ ဖြစ်စဉ်တွေက ရှိမနေဘူးပေါ့နော်။ ဒီမြို့သစ်စီမံကိန်းလို့သာ ပြောတယ် ။ လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ သိမနေတဲ့အချိန်မှာ လူငယ်တွေဆိုတာက ပိုတောင်ဆိုးသေးတာပေါ့နော်။ နီးစပ်မှုမရှိဘူး။ ဆိုတော့ ကိုယ်ဖြစ်ချင်တဲ့အသံကို ဝင်ပြီးတော့ ထည့်ဖို့ကလည်း အခက်အခဲတွေ အများကြီးရှိနေတယ်။ ကိုယ်က ပြောချင်တယ်ဆိုပေမယ့်လည်း ကိုယ့်လူငယ်တွေ ပြန်ပြီးတော့ နားလည်မှုရှိလာအောင် ပိုပြီးတော့ လေ့လာနိုင်အောင် အချင်းချင်း ဝေမျှတဲ့အပိုင်းတွေလည်း လုပ်လို့ရတယ်ပေါ့နော်။ ပြောမယ်ဆိုရင်တော့ လုပ်စရာကတော့ အများကြီးပဲ။ ကျွန်မတို့မြင်တာကတော့ အခု အစိုုးရသစ်မှာ ဒါ လူထုအစိုးရဖြစ်တယ်ဆိုတော့ ကျွန်မတို့လူငယ်တွေအနေနဲ့ကတော့ လူထုအစိုးရဆိုတဲ့ စကားလုံးနဲ့ ဖြစ်ပေါ်လာမှုကို ဘယ်လိုနည်းနဲ့မှတော့ ဆုံးရှုံးမခံနိုင်ပါဘူး။ စစ်တစ်ပိုင်းအစိုးရဖြစ်စေ စစ်အာဏာပိုင်လိုမျိုး အဲလိုမျိုး လုံးဝ ပြန်မရောက်ချင်ဘူး။ အခု ကျွန်မတို့ရထားတဲ့ လူထုအစိုးရဆိုတာကို သိပ်ကို တန်ဖိုးထားပါတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်မတို့ ကူညီပေးချင်တယ်။ တစ်ချိန်တည်းမှာပဲ လူထုအစိုးရက အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အစိုးရ ပေါ်ပေါက်လာတဲ့အခါမှာ အားလုံးသိတဲ့အတိုင်းပဲ စစ်အာဏာသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ၂၀၀၈ မှာတင် ရှိနေတာမဟုတ်ဘဲနဲ့ လူထုရဲ့ နေ့စဉ် ဆက်သွယ်လှုပ်ရှားနေရတဲ့ အုပ်ချုပ်ရေးဏ္ဍတွေမှာလည်း စစ်တပ်ရဲ့ပါဝင်မှုက အကြီးအကျယ် အများကြီးပေါ့နော်။ ဟို့အောက်ဆင့်အထိကို ပို့နေတဲ့အခါတွေကျတော့လည်း အထင်အရှားဖြစ်နေတော့ အစိုးရဟာ ငြိမ်းချမ်းရေးကဏ္ဍမှာ စစ်တပ်နဲ့ အဓိက ချိတ်ဆက်ပြီးတော့ လုပ်ရတဲ့အခါမှာ စစ်တပ်ဘက်ကို ကြည့်နေရတဲ့အပိုင်းတွေ တစ်ချိန်တည်းမှာလည်း လူထုဘက်ကို ပြန်ကြည့်ရမယ့်ဆိုတဲ့အခါမှာ Balance မလုပ်နိုင်တဲ့အခါမှာ လူထုဘက်က အထင်မှားနိုင်ချေတွေ အများကြီးရှိပါတယ်။ အစိုးရသစ်လက်ထပ်မှာပြောထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ပြင်ဆင်ရေးဆိုတာကလည်း လူငယ်တွေ အများကြီး မျှော်လင့်ထားတာပါ။ ဒါပေမယ့် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအတွက်ကို အခုချိန်မှာတော့ လုံးဝကို သဲထဲရေသွန် ဖြစ်သွားတယ်လို့ ခံစားနေရတဲ့အခြေအနေမှာ ဖြစ်သင့်တာကတော့ အစိုးရသစ်အနေနဲ့ လမ်းစဉ်ပေါ့နော် ။ ဘယ်အဆင့်ထိရောက်နေပြီလဲ တစ်နှစ်ပြည့်အခြေအနေမှာ ဒီအဆင့်ထိရောက်သွားပြီ ။ နောက်တစ်နှစ်မှာတော့ ဘယ်အဆင့်ထိသွားမယ် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကို အဓိက အားလုံးက မျှော်လင့်ထားကြတဲ့အချိန်မှာ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတာ လမ်းပြမြေပုံမျိုး တိတိကျကျ လူထုကို ပြန်ရှင်းပြနိုင်တယ်ဆိုရင် အခုချိန်မှာ လူထုကြားထဲမှာ မသင်္ကာမှုတွေ၊ ယုံကြည်မှုတွေ လျော့ပါးနေတဲ့ကိစ္စတွေ ၊ ဒါတွေကတော့ လုပ်နေပြီဆိုရင် ကာဗာပြန်ဖြစ်သွားမယ်လို့တော့ ကျွန်မကတော့ မြင်ပါတယ်ရှင့်။

ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ ညီမျှခြင်းမြန်မာ)

အဲဒီတစ်ခုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောချင်တာကလေ။  ကျွန်တော်တို့ အများဆုံးလည်း ကြံုတွေ့နေရတယ်ပေါ့လေ။ ပေါ်လစီတွေဘာတွေ အကောင်အထည်ဖော်တဲ့အချိန််မှာ တချို့က ဒီပေါ်လစီက ဒီဝန်ကြီးဌာနပဲဆိုင်တယ်ဆိုပြီး ဝန်ကြီးဌာနတစ်ခုကိုပဲ တာဝန်ပေးထားတယ်။ ဥပမာ လူငယ်ပေါ်လစီဆိုရင် လူကယ်ပြန်နဲ့ပဲဆိုင်တယ်။ အမျိုးသမီးဆိုလည်း လူကယ်ပြန်၊ ကလေးဆိုလည်း လူကယ်ပြန်။ အဲဒီပေါ်လစီတွေကို အကောင်အထည်ဖော်တဲ့အချိန်မှာ ဝန်ကြီးဌာနတစ်ခုတည်း အကောင်အထည်ဖော်လို့မရဘူး။ တခြားဝန်ကြီးဌာနတွေနဲ့လည်း သက်ဆိုင်တယ်။ အဲတော့ ဝန်ကြီးဌာနအချင်းချင်းမှာလည်း ပြန်ပြီးတော့ အချိတ်အဆက်မိဖို့ကလည်း လိုတယ်။ ပညာရေးဆိုလည်း လူငယ်တွေပါတာပဲ၊ နောက်တစ်ခါ စီမံဘဏ္ဍာဆိုရင်လည်း လူငယ်တွေနဲ့ပတ်သက်တဲ့အရာတွေ ပါတာပဲ။ မြို့ပြစီမံကိန်းဆိုရင်လည်း ဆောက်လုပ်ရေးဘက်မှာ ပါတယ်။ အဲဒီအပိုင်းမှာ ကျွန်တော်တို့တွေက ပြန်ပြီးတော့ စဉ်းစားဖို့တော့ လိုအပ်မယ်လို့ ကျွန်တော် စဉ်းစားတယ်။

ဦးမျိုးသန့် (Mizzima Media)

ကျွန်တော် ဦးကျော်ဇေယျကို နည်းနည်းလေး ထပ်ဖြည့်ပြီးတော့ မေးချင်တာက ကျွန်တော်ပြန်ကြားနေတာက ဆရာကလည်း တပ်မတော်အရာရှိဟောင်းဆိုတော့ Government Body ကြီးမှာ တပ်မတော်အရာရှိဟောင်းတွေက နေရာယူထားတယ်။ ပြီးတော့မှ အရပ်သားအစိုးရ တက်လာတဲ့အခါကျတော့ အောက်နဲ့အထက်ပေါ့နော် ဒီဘော်ဒီကြီးမှာ ရှိနေပြီးသားပုဂ္ဂိုလ်ကြီးနဲ့ ထပ်ရောက်လာတဲ့ပုဂ္ဂိုလ်နဲ့က အချိတ်အဆက်မမိဘူး ဘာဖြစ်လို့လဲဆိုရင် အလုပ်လုပ်ရတာ မဆင်မပြေဘူးဆိုတဲ့အသံတွေ ကြားနေရတယ်။ အဲဒါကိုရော ဦးကျော်ဇေယျအနေနဲ့ ဘယ်လိုမျိုး ထင်မြင်ချက်ပေးနိုင်မလဲ။

ဦးကျော်ဇေယျ (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော်ကလည်း ပွင့်ပွင့်လင်းလင်းလင်းသမားဆိုတော့ မှန်ပါတယ် ။ ကျွန်တော်ကလည်း တပ်က လာတယ်။ တိုင်းမှူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ စီးပွားရေးအဖွဲ့မှာဆိုရင်လည်း ကျွန်တော် ဒါရိုက်တာအထိ လုပ်ခဲ့ဖူးပါတယ်။ စီးပွားရေးရော စစ်ရေးရောဆိုတော့ သင့်တင့်သလောက်တော့ အတွေ့အကြံုရှိပါတယ်။ ခင်ဗျားပြောတာမှန်ပါတယ်။ ခုနက သမီးလေးလည်း ပြောသွားပါတယ်။ အုပ်ချုပ်ရေးပုံစံမှာ နောက်လေးနှစ်လုံး ဆက်သွားမယ့်ပုံစံက ကျွန်တော် အဓိက ရန်ကုန်မြို့တော်စည်ပင်အနေနဲ့ပဲ ပြောရမယ်ပေါ့။ ဌာနမှူးတွေသည် များသောအားဖြင့် တပ်က လူတွေချည်းပဲ။ အဲတော့ မြို့နယ်စည်ပင်ကိုကြည့်လိုက်၊  မြို့တော်ဝန်ကို အစိုးရနဲ့ ပြည်သူလူထုက ခန့်လိုက်တယ်။ သူကောင်းတယ် ။ သို့သော်လည်းပဲ အောက်ကဟာတွေက မျိုးဆက်သစ်တွေ ဖြစ်နေတဲ့အတွက် ရန်ကုန်မြို့တော်စည်ပင်က ဘယ်လိုကြီးဖြစ်နေလဲဆိုတော့ ခေါင်းတော့ရှိတယ်။ ခြေတွေလက်တွေ သွားချင်သလို သွားလို့မရဘူး။ ပြောမယ်ဆိုရင် လေဖြတ်နေတယ်ပေါ့ဗျာ။ လေဖြတ်နေတော့ ခရီးကမရောက်ဘူး။ ကျွန်တော့ထင်မြင်ချက်ပေါ့။ သူတို့လည်း အစိုးရကို ပြန်ကြည့်ရင်လည်းပဲ များသောအားဖြင့် ဒီလိုပေါ့။ ရန်ကုန်တိုင်းအစိုးရအနေနဲ့လည်း ဝန်ကြီးချုပ်က အစိုးရဖွဲ့အတွင်းရေးမှူးက အဲတော့ ဒါတွေက သဟဇာတ ဒီတစ်နှစ်အတွင်းတော့ လုပ်တော့လုပ်ခဲ့တယ် ။ အမျိုးသားရင်ကြားစေ့ရေးတော့ စေ့နေတာပဲ ။ ဒါပေမယ့် ဒီတစ်နှစ်တွင်းကတော့ အတွေ့အကြံုပေါ် မူတည်ပြီးတော့ ပြင်မှရမယ် ၊ မပြင်ရင်တော့ ကျွန်တော်တို့က ဘာမှရွေ့မှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် ပြောင်းလဲလာမှာမဟုတ်ဘူး ။ အဲဒါတွေတော့ ရှိပါတယ်။ လူငယ်အသံတွေ နားထောင်ပါဆိုတော့ ကျွန်တော်တို့လွှတ်တော်ထဲမှာလည်း လူငယ်တွေ ပါ ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ။ သူတို့ကလည်း အားမရကြဘူး။ ကျွန်တော်ဆိုရင်လည်း ကျွန်တော့ဧရိယာမှာ ပြည်သူ့ရင်ပြင်ကြီး တစ်နှစ်မှာ သိန်း ၂၀၀ ပဲပေးရတယ်။ ဧရိယာက နည်းတဲ့ဧရိယာကြီးမဟုတ်ဘူး။ ရင်ပြင်ထဲကိုဝင်ဖို့တောင် ၃၀၀ ပေးနေရတယ်။ အစိုးရအဖွဲ့အစညး်တွေလုပ်တာ အကယ်ဒမီတို့ ဘာတွေကြတော့ ပေးစရာမလိုဘူး ။ အစိုးရက တိုက်ရိုက်လုပ်တာ။ ကျန်တဲ့သူတွေသွားတဲ့အခါ ၃၀၀ ပေးရတယ်။ ဒါတွေဟာ အများကြီးရှိပါတယ်။

ဦးမျိုးသန့် (Mizzima Media)

ကျေးဇူးတင်ပါတယ်။ အဲတော့ ကျွန်တော်တို့ ဆွေးနွေးလာတာကလည်းနည်းနည်း ရှည်လာပြီဆိုတော့ အားနည်းချက်တွေရှိခဲ့တယ်။ အပြောင်းအလဲကတော့ ရွေ့တော့ရွေ့နေတယ် ။ ဒါပေမယ့် အပြောင်းအလဲက နှေးနေတယ်ဆိုတဲ့သဘောတော့ တွေ့ရပါတယ်။ အဲတော့ လာမယ့်နှစ်တွေမှာ ဘာတွေများ ဆက်လုပ်သင့်တယ်။ အရွေ့ကို ပိုပြီးတော့မှ လျင်လျင်မြန်မြန်နဲ့ ရွေ့အောင် အတိုချုပ်လေးကို ဆရာ ဦးအောင်မျိုးမင်းအနေနဲ့ ပြောပေးပါလား။

ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ ညီမျှခြင်းမြန်မာ)

ကျွန်တော်တို့ကတော့ အပြောင်းအလဲကို ထိုင်စောင့်နေလို့မရဘူး။ ပြောင်းလဲတဲ့နေရာမှာ ကျွန်တော်တို့ ဘယ်လိုမျိုး ဝိုင်းပြီးတော့ ပါပြီးတော့ ပြောင်းလဲမလဲဆိုတဲ့ နည်းလမ်းကို ရှာရခြင်းဖြစ်ပါတယ်။ ပြောင်းလဲမှုမှာ ကျွန်တော်တို့က စိတ်ဓာတ်က အဓိကပါ။ စိတ်ဓာတ်ကို ပြောင်းဖို့လိုအပ်တယ်။ အခုဟာက စနစ်ကို ပြောင်းဖို့ကြိုးစားတယ် ဒါပေမယ့် အကျင့်တွေ မပြောင်းကြသေးဘူး။ အဲဒါမျိုးဖြစ်တဲ့အတွက် စနစ်ပြောင်းဖို့လည်း ကြိုးစားပါ။ အကျင့်ပြောင်းဖို့အတွက်လည်း ကိုယ်ကိုတိုင်လည်း လုပ်ဆောင်ပါ။ ပြောင်းဖို့အတွက်ကတော့ ကျွန်တော်တို့ လူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

ဦးမျိုးသန့် (Mizzima Media)

ကျေးဇူးတင်ပါတယ်။ ဆရာဦးကျော်ဇေယျ ဖြည့်ပြောပေးပါဦးခင်ဗျာ။

ဦးကျော်ဇေယျ (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော် ဖြည့်ပြောလည်း ခုနကပြောသလိုပေါ့နော် ။ နောက်တစ်နှစ် စောင့်ကြည့်ပါ ။ ကျွန်တော်တို့ကတော့ ဒီတစ်နှစ်မှာ အတွေ့အကြံုရသွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ရှိတဲ့သူတွေက ဒီတစ်နှစ်မှာ အတွေ့အကြံုတွေ အများကြီးရသွားပြီ ။ ဘာဆက်လုပ်သင့်သလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားသုံးသပ်ရမယ်။ သုံးသပ်တဲ့အခါ အဖြေရှာရမှာပေါ့။ ဘယ်ဟာတော့အားနည်းတယ် ဘယ်လိုဖြစ်တယ်ပေါ့။ YBS ပြောင်းလဲလိုက်တယ် YBS ပြောင်းလဲရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ယာဉ်ကြောကျပ်တည်းမှုကို လျော့ချချင်တာလား၊ ရန်ကုန်မြို့သူမြို့သားတွေ အဆင့်မြင့်မြင့် ဘတ်စ်ကားတွေ စီးစေချင်တာလား။ မေးတဲ့အခါမှာ အဲဒီမေးခွန်းကို တိတိကျကျ မဖြေနိုင်ကြဘူး။ ဖြေလိုက်တယ် ။ ဘာလဲဆိုတော့ လမ်းလေးနည်းနည်လျှောက်ကြပါဆိုတော့ ဟာ ဘတ်စ်ကားစီးတဲ့လူက လမ်းလျှောက်ဖို့နေနေသာသာ သူ့ရဲ့စားဝတ်နေရေးအတွက် ကားစီးပြီးတော့ သူ့ရဲ့အလုပ်ကို သွားနေတဲ့အချိန်မှာ လမ်းလျှောက်ဖို့အချိန်ဆိုတာ မပေးနိုင်ဘူး။ အဲတော့ အဲလို ဟန်ရေးပြတာကြီးကတော့ အစိုးရအနေနဲ့ ပြန်ပြီးတော့ သုံးသပ်ဖို့ လိုနေပါပြီလို့ ပြောချင်ပါတယ်။

ဦးမျိုးသန့် (Mizzima Media)

ဆရာမအနေနဲ့လည်း ပြောပေးပါဦးခင်ဗျာ။

မသဥ္ဇာရွှန်းလဲ့ရည် (နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦး)

ကျွန်မကတော ့အဓိက နောက်လေးနှစ်မှာ ကျန်တာတွေကို ထားပါဦး ။ အဓိက ငြိမ်းချမ်းရေးကို ပီပီပြင်ပြင်လေး မြင်ချင်ပါတယ်။ ကျွန်မတို့လူငယ်တွေလည်း အဓိကအားဖြင့် ငြိမ်းချမ်းရေးမှာ ရလဒ်တစ်ခုခုပေါ့နော် ။ သဘောတူညီမှု ကျွန်မတို့ ခေါင်းဆောင်ကြီးတွေ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ ကျွန်မတို့ အစိုးရဘက်က ခေါင်းဆောင်တွေကြားထဲမှာ နားလည်မှုတွေ တည်ဆောက်နိုင်မယ်၊ ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ်၊ ဒါကိုပဲ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။ ကျန်တာတွေကတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလို အသီးအပွင့်တွေ ခံစားရမှာပေါ့နော်။ နောက်တစ်ခုက ကျွန်မ ဒီကနေပြီးတော့ တင်ပြချင်တာက ဘာလဲဆိုတော့ ကျွန်မတို့ အစိုးရအဖွဲ့ဝင်တွေက သေချာတာက ပြည်သူကတင်မြှောက်ထားတယ်ဆိုတော့ ပြောရမယ်ဆိုရင် ကျွန်မတို့က အကောင်းဆုံးထဲက အကောင်းဆုံးကို ရထားတာဖြစ်ပါတယ်။ ဆိုတော့ စိတ်စေတနာကောင်းတွေ ရှိကြတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် စိတ်စေတနာကောင်းကြီးပဲ ရှိခြင်းကလည်း မဖြစ်သေးပြန်ဘူး။ အဲတော့ စိတ်စေတနာကောင်းဆိုတာထက်ကို ရလဒ်ကလည်း အရေးကြီးပါတယ်။ အဲတော့ ရလဒ်ကြီးကိုပဲ ကြည့်နေလို့ကလည်း မရသေးပြန်ဘူး။ အဲဒီရလဒ်ကို ဘယ်လိုရအောင် လုပ်ဆောင်ပေးသလဲပေါ့။ Process ကလည်း အရေးကြီးပါတယ်။ အဲတော့ YBS ကို ပြောင်းချင်တယ်။ ကိုယ်ရချင်တာကတော့ ဒါ။ ဒါပေမယ့် YBS ရအောင် ဘယ်လိုစနစ်တွေနဲ့သွားမလဲ။ ဘယ်လိုမျိုးဖြစ်စဉ်တွေနဲ့ အစည်းအဝေးတွေခေါ်ရမလဲ ဘယ်သူတွေကို ဆွေးနွေးညှိနှိုင်းရမလဲ။ ပြည်သူတွေကို ဆွေးနွေးညှိနှိုင်းရမလား လူငယ်တွေကို ဆွေးနွေးရမလား အမျိုးသမီးတွေကို ညှိနှိုင်းရမလား ၊မသန်စွမ်းတွေကို ညှိနှိုင်းရမလားဆိုတဲ့ ဖြစ်စဉ်ကို တန်ဖိုးထားတက်တဲ့ အစိုးရတစ်ရပ်ပေါ်လာဖို့ ပြည်သူကို ပိုပြီးနားထောင် တက်လာအောင် ပြည်သူနားထောင်တာတော့ မှန်ပါတယ် ။ ကျွန်မတို့ လွှတ်တေ်ာကိုယ်စားလှယ် မြောက်များစွာရှိတယ်။ အသံနားထောင်ကြမယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ဒီလွှတ်တော်တင်မဟုတ်ပဲနဲ့ ပြည်သူတွေကိုလည်း ဘယ်လိုနည်းတွေနဲ့ နားထောင်သွားမလဲဆိုတာတွေကို ကျွန်မထင်တယ်။ ဒိုင်ယာလော့လုပ်တာမျိုးဖြစ်စေ အဲလို အလေ့အကျင့်ကောင်းတွေ ပိုပြီးတော့ မွေးကြဖို့ လိုမယ်လို့ မြင်ပါတယ်ရှင့်။

ဦးမျိုးသန့် (Mizzima Media)

ကျေးဇူးတင်ပါတယ်။ Mizzima Dialouge TV Show ကနေပြီးတော့ အစိုးရ တစ်နှစ်ပြည့် အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။   နောက်လည်း ပြန်ဆုံပါဦးမယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အပိုင်း(၁)အားဖတ်ရန်အတွက်-http://www.mizzimaburmese.com/article/24970

အပိုင်း(၂)အားဖတ်ရန်အတွက်-http://www.mizzimaburmese.com/article/25084

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly