ပါကစ္စတန်အကြမ်းဖက်အုပ်စု မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် လှုပ်ရှားနေ

ပါကစ္စတန်အကြမ်းဖက်အုပ်စု မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် လှုပ်ရှားနေ

ဘင်္ဂါလီမွတ်စလင်များကို အစွန်းရောက်ဝါဒများ သွတ်သွင်းပေးပြီး အိန္ဒိယအရှေ့ပိုင်းတွင် နှောင့်ယှက်မှုများ ပြုလုပ်ရန် ပါကစ္စတန်၏ အကြမ်းဖက်အဖွဲ့အစည်း Lashkar-e-Taiba (LET) နှင့် ၎င်း၏ ရှေ့တန်းတပ်ဦးအဖွဲ့နှစ်ခုသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားနေကြောင်း ထောက်လှမ်းရေးသတင်းရင်းမြစ်များက ပြောကြားသည်။

ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီ အများအပြားကို ရွေးချယ်ပြီး လက်နက်အသုံးပြုနည်းနှင့် အဖျက် သင်တန်းများပေးရန် ပါကစ္စတန်သို့ ခေါ်ဆောင်လျက်ရှိသည်ဟု အနောက်နိုင်ငံများနှင့် အန္ဒိယ ထောက်လှမ်းရေး ရင်းမြစ်များက ဆိုသည်။

LET သည် ၎င်း၏ရှေ့ပြေးတပ်ဦးအဖွဲ့ Jamaat-ud-Dawa (JUD) နှင့် Fala-I-Insaniyat Foundation (FIF) တို့မှ တဆင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ပျိုးထောင်ရေးလုပ်ငန်းများကို ဗန်းပြကာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျင် (ခ) ဘင်္ဂါလီ နှင့် အခြား မွတ်စလင်များအကြား အသည်းအသန် လှုပ်ရှားနေသည်ဟု အဆိုပါထောက်လှမ်းရေးရင်းမြစ်များက မဇ္ဈိမသို့ ပြောသည်။

LET နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များကို အချိန်မီ မနှိမ်နင်းနိုင်ပါက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယအရှေ့ပိုင်း ပြည်နယ်များသည် အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်ဝါဒ၏ တိုက်ခိုက်မှုကို ရုတ်တရက်ခံရနိုင်သည်ဟုဆိုသည်။
အနောက်နိုင်ငံများ၏ သတိပေးချက်များကို အလွန်အလေးအနက် သဘောထားသည်ဟု အိန္ဒိယထောက်လှမ်းရေး အရာရှိများက ပြောသည်။ LET သည် လှူဒါန်းကူညီသည့်အဖွဲ့အစည်းတစ်ခုအဖြစ် FIF ကို တည်ထောင်ထားသော JUD မှ တဆင့် လှုပ်ရှားလျက်ရှိသည်။

FIF အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ရှာဟစ် မာမွတ်အပါအဝင် FIF မှ အဆင့်မြင့် အရာရှိများသည် ရိုဟင်ဂျင် (ခ) ဘင်္ဂါလီ များ၏ အခြေအနေကို အကဲဖြတ်ရန် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ဒေသများသို့ ပုံမှန်သွားရောက်လျက်ရှိသည်။ အမှန်မှာမူ မြန်မာနိုင်ငံအတွင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဖြစ်နိုင်ဖွယ်ရာ လူသစ်များ ရွေးချယ်ရန်ဖြစ်သည်။

"လူသစ်တွေအားလုံးကို ကယ်ဆယ်ရေးစခန်းတွေက ရွေးပါတယ်။ သူတို့ကတော့ ဆူပူအကြမ်းဖက်မှုဒဏ်တွေ ခံထားရတဲ့ ရိုဟင်ဂျင် (ခ) ဘင်္ဂါလီ တွေပါ။ အကာအကွယ်မဲ့နေပြီး အကြမ်းဖက်လုပ်ရပ်တွေအတွက် စုဆောင်းခံရတဲ့သူတွေပါ။" ဟု အနောက်နိုင်ငံတစ်ခုမှ ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောသည်။ ၎င်းထောက်လှမ်းရေးအရာရှိမှာ ဒေသတွင်း အစ္စလာမ္မစ်အစွန်းရောက်များ၏ လုပ်ရပ်များကို သုံးသပ်ရန် တောင်အာရှသို့ ခရီးထွက်လာနေပြီဖြစ်သည်။

တောင်အာရှရှိ အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့အစည်းများအနက် LET သည် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရသည့်တိုင် 'အကျယ်ပြန့်ဆုံးကွန်ရက် ဖြစ်နိုင်သည့်အပြင် အကောင်းဆုံး ငွေကြေးထောက်ပံ့မှု' ရနိုင်သည့် အဖွဲ့လည်း ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

LET အကြီးအကဲ ဟာဖစ်မိုဟာမက်ဆေးယစ်သည် ပါကစ္စတန်ပရိသတ်များရှေ့တွင် မိန့်ခွန်းပြောကြားရာ၌ ရိုဟင်ဂျာများကို ဖိနှိပ်သတ်ဖြတ်နေသည်ဟု ထည့်သွင်းပြောကြားလေ့ရှိပြီး ဂလဲ့စားချေရန် တောင်းဆိုလေ့ရှိသည်။

ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများကိုလည်း ပရိယာယ်များ၍ လိမ်လည်တတ်သူများဟု ၎င်းက အပြစ်တင်ခဲ့သည်။ 

၂၀၁၂ ခုနှစ် ဇူလိုင်လ က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကာလအတွင်း LET ၏ လက်အောက်ခံအဖွဲ့ JUD သည် ကရာချိတွင် 'Difa-e-Mussalman Arakan Conference' ကို ဖွဲ့စည်းခဲ့ပြီး အဓိကရုဏ်းများအတွက် ဂလဲ့စားချေရန် ရိုဟင်ဂျာများကို လူသစ်စုဆောင်းရမည်ဟု ကေဒါအဖွဲ့ဝင်များကို ဖိအားပေးခဲ့သည်။

FIF ဥက္ကဋ္ဌ ဟာဖစ်အက်ဘ်ဒူရ်ရာအွတ်ကလည်း ဆေးယစ် နည်းတူ ရခိုင်များအပေါ် ဂလဲ့စားချေရေး တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့သော ရိုဟင်ဂျာများစွာ ယင်းကွန်ဖရင့်၌ Al Qaeda နှင့် နီးစပ်သည့် Maulana Abdus Quddus Burmi, Harkat-ul-Jihad of Arakans (HUJA), Noor Hussain Arakani of Rohingya Solidarity Organisation (RSO) နှင့် Noor al Bashar Arakani တို့နှင့် အတူတကွ ဆက်စပ်ခဲ့သည်။

ရှိသည့် တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများတစ်ဝိုက် LET ၏ ကွန်ရက်များရှိသဖြင့် အနောက်နိုင်ငံ ထောက်လှမ်းရေးအေဂျင်စီများက စိုးရိမ်နေသည်။ "LET ဟာ အကာအကွယ် အမျိုးမျိုးနဲ့ သူတို့ငွေကြေးထောက်ပံံ့နေတဲ့ ဒေသခံအုပ်စုတွေကနေတဆင့် အလွယ်တကူပေါ်ထွက်လာနိုင်ပြီး လှုပ်ရှားနိုင်တယ်။" ဟု တောင်အာရှသို့ ခရီးနှင်လာနေသည့် အနောက်နိုင်ငံထောက်လှမ်းရေးအရာရှိက ဆိုသည်။
LET သည် အိန္ဒိယ အရှေ့မြောက်ရှိ မူဆလင်များအား နောက်ကွယ်မှ လှုံ့ဆော်ပေးနေသည်ဟု အိန္ဒိယ ထောက်လှမ်းရေး များကလည်း ပြောဆိုသည်။

LET သည် ပါကစ္စတန်စစ်ဘက်အပေါ်တွင်လည်း သြဇာများစွာရှိနေပြီး ဇာကီအူရ်ရာမန်လက်ခ်ဗီကဲ့သို့ တပ်မှူးအချို့မှာ ၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့ကြသည်ဟု ပြောနေကြသည်။

ပါကစ္စတန်အစိုးရအပေါ် LET ၏ ထိရောက်သော စည်းရုံးမှုများကြောင့် ပါကစ္စတန်သည် ယခုနှစ် ဇူလိုင် ၃ က ဂျီနီဗာတွင် ပြုလုပ်သော ၂၉ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်ချက်တစ်ခုကို ကမကထ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ ဒုက္ခများအတွက် လွန်စွာစိုးရိမ်မိကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်က တောင်ပိုင်းအိန္ဒိယ မြို့ကြီးများတွင် အရှေ့မြောက်ဒေသမှ ပြည်သူများအပေါ် မွတ်စလင်တို့က ရန်လိုသော တုံ့ပြန်မှုများဖြစ်လာအောင် LET က နောက်ကွယ်မှ ဆွပေးနေခဲ့သည်ဟု အိန္ဒိယထောက်လှမ်းရေးက ပြောကြားသည်။ ယင်းသို့ မွတ်စလင်တို့၏ ရန်လိုမှုကြောင့် ဘန်ဂလို၊ ဟိုက်ဒြာဘတ်ကဲ့သို့ မြို့ကြီးများမှ အာသံ၊ နာဂ၊ မဏိပူရနှင့် မီဇို လူမျိုးများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့သည်ဆိုသည်။

ထို့အပြင် LET သည် မြန်မာဘုရားဖူးများ ထောင်ပေါင်းများစွာလာရောက်လေ့ရှိသည့် ဗုဒ္ဓဂါယာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခုကို ဗုံးခွဲရန် အိန္ဒိယရှိ ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များကို အသုံးချခဲ့သည်ဟု ထောက်လှမ်းရေး များက ပြောသည်။ 

ပါကစ္စတန်အုပ်စုများက ရိုဟင်ဂျာများကို လူသစ်စုဆောင်း၍ အစွန်းရောက်ဝါဒများ သွတ်သွင်းပြီး ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှုများပြုလုပ်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး တို့ကလည်း ရိုဟင်ဂျာဒုက္ခသည်စခန်းများကို စောင့်ကြည့်မှု ပိုမိုတင်းကျပ်လာခဲ့သည်။

ပါကစ္စတန်က ကမကထလုပ်သော ဆုံးဖြတ်ချက်က ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်မှု အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်များအပေါ် ချိုးဖောက်မှုများကို ရှုတ်ချခဲ့ပြီး မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာမွတ်စလင် များအပေါ် အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။ 

လူ့အခွင့်အရေးကောင်စီ၏ အကြိမ် ၃၀မြောက် အစည်းအဝေးတွင်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေဖြင့် ယင်းကိစ္စများကို ထုတ်ဖော်ပြောဆိုရန်လည်း တောင်းဆိုခဲ့သည်။ ထို့အပြင် ၃၂ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ အထူးသဖြင့် မကြာသေးမီ က ရိုဟင်ဂျာမွတ်စလင်များအပေါ် လူကုန်ကူးမှုများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်ခု တင်သွင်းရန်လည်း တောင်းဆိုခဲ့သည်။

ယင်းဆုံးဖြတ်ချက်မှာ ပါကစ္စတန်က မြန်မာနှင့် အထူးသဖြင့် စစ်ရေးဆက်ဆံမှုတရားဝင်တိုးမြင့်ရန် ကြိုးပမ်းနေချိန်တွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required