အစိုးရ နှင့် အက်စ်ဒီ သဘောတူထားသည့် အချက်များ တိုင်းရင်းသားခေါင်းဆောင်များ လက်ခံ

အစိုးရ နှင့် အက်စ်ဒီ သဘောတူထားသည့် အချက်များ တိုင်းရင်းသားခေါင်းဆောင်များ လက်ခံ
တိုင်းရင်းသားခေါင်းဆောင်များ နှင့် SD အဖွဲ့တို့၏ ချင်းမိုင်မြို့ ထိပ်သီးအစည်းအဝေး ။ (ဓာတ်ပုံ- Aung Moe Myint facebook)

ချင်းမိုင် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ သဘောတူညီထားသော အချက်များအား တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ လက်ခံကြောင်း ယနေ့ ဇူလိုင်လ ၂၈ ရက် ဆွေးနွေးပွဲအပြီး SD အဖွဲ့ဝင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ဒီနေ့က SDနဲ့ UPWC ရဲ့ သဘောတူညီချက်တွေကို ထိပ်သီးခေါင်းဆောင်တွေကနေ ဆုံးဖြတ်တာပေါ့နော်။ လက်ခံတယ်။ ရန်ကုန် ဆွေးနွေးချက်တွေ သဘောတူညီတယ်လို့ ပြောလို့ရတယ်။ သဘောတူညီချက် မရသေးတဲ့ အချက်ကိုတော့ SD ကို ဆက်ပြီးညှိနှိုင်းဖို့ တာဝန်ပေးအပ်လိုက်တယ်”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

အစိုးရနှင့် သဘောတူညီချက် မရသေးသော လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်စည်းခြင်း၊ လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်းနှင့် နိုင်ငံတကာ အသိသက်သေများ ပါဝင်လက်မှတ် ရေးထိုးရန် စသည့် အချက် ၃ ချက်တို့ကိုမူ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က ဆက်လက် ညှိနှိုင်းရန် ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

သို့သော် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မနက်ဖြန်တွင်လည်း ဆက်လက် ဆွေးနွေး၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမည်ဖြစ်ကြောင်း သူက ပြောသည်။

ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်ထိ သုံးရက်ကြာ ၈ ကြိမ်မြောက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးချက်များအပေါ် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ ယနေ့ တတိယနေ့ အဖြစ် ဆွေးနွေးညှိနှိုင်းနေခြင်း ဖြစ်သည်။

လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းနှင့် လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူရန်နှင့် သက်သေအဖြစ် နိုင်ငံတကာမှ နိုင်ငံပေါင်း ၉ နိုင်ငံကို ပါဝင် လက်မှတ်ရေးထိုးရန်တို့ကိုလည်း မူလအတိုင်း ထားရှိရန် ဆွေးနွေးမှုများ ရှိနေသည်ဟု ဆွေးနွေးပွဲ တက်ရောက်နေသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းဆိုတဲ့ဟာက ကျွန်တော်တို့ ခါတိုင်းလိုပဲ ဆက်ပြီးထားမယ်။ ဒါပေမဲ့အဓိပါယ်ဖွင့်ဆိုချက်တွေကို ဆုံးဖြတ်ချက်ထဲမှာ ပိုမိုရှင်းလင်းအောင် ထပ်ရေးဖို့ပါ။ တချို့ခေါင်းဆောင်တွေ ထပ်ဆွေးနွေးတာရှိတယ်။ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကို အဓိကထား မဆွေးနွေးဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို မကြန့်ကြာသွားအောင် ဘယ်လိုကာကွယ်လို့ရတယ်ပေါ့။ လွှတ်တော်မှာတင်တဲ့ဟာလည်း မူကြမ်းမှာပါတဲ့အတိုင်း ဆက်လက် ထားရှိမယ်။ လွှတ်တော်ကို တင်သွင်း၍ အတည်ပြုချက် ရယူခြင်းဆိုတာ မူလအတိုင်း ထားရှိမယ်”ဟု သူက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်းနှင့် နော်ဝေး စသည့် နိုင်ငံများ ပါဝင်လက်မှတ်ရေးထိုးရန် လောခီးလာ ညီလာခံတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်မှစတင်ပြုလုပ်နေပြီး မနက်ဖြန် ဇူလိုင်လ ၂၉ ရက်တွင် အားလုံး ပါဝင်ရေးကို ဆက်လက် ဆွေးနွေးမည် ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly