ဖုန်း App မှတစ်ဆင့် စီးနင်းနိုင်မည့် နည်းပညာကို မြန်မာတွင် စတင်စမ်းသပ်

ဖုန်း App မှတစ်ဆင့် စီးနင်းနိုင်မည့် နည်းပညာကို မြန်မာတွင် စတင်စမ်းသပ်

မတ်လ ၂၃ ။              ။ Application အသုံးပြု၍ ဖုန်းဆက်စရာမလိုဘဲ အငှားယာဉ် ခေါ်ယူနိုင်မည့် နည်းပညာကို မတ်လ ၂၁တွင် အာရှထိပ်တန်း Grab အငှားယာဉ်ဝန်ဆောင်မှုက စတင်စမ်းသပ်ခဲ့သည်။

ဖုန်းထဲသို့ Grab Taxi App အား Google Play Store နှင့် App Store တွင် အခမဲ့ဒေါင်းလော့လုပ်ကာ ယင်း မှတစ်ဆင့် တက္ကစီသမားများနှင့် ချိတ်ဆက်၍ Taxi စီးနိုင်မည်ဖြစ်သည်။

အသုံးပြုပုံမှာ အဆိုပါ App တွင် မိမိရောက်နေရာလိပ်စာကို ဦးစွာဖြည့်စွက်ရပြီး သွားလိုသည့်လိပ်စာကို ထပ်မံဖြည့်စွက်ကာ Booking လုပ်နိုင်မည် ဖြစ်သည်။  

"ခရီးစဉ်ကို စစချင်း Booked လုပ်တော့မယ်ဆိုရင် ဘယ်နေရာကနေလာပြီးတော့ ဘယ်နေရာကို သွားမယ်ဆိုတာကို ရွေးပြီးထည့်ရတယ်။ ပြီးသွားလို့ရှိရင် Driver နဲ့ချိတ်ပေးမယ်။ အဲ့ Driver နဲ့ညှိပြီးတော့ ဘယ်လောက်ကျမယ်ဆိုတာကို အစကတည်းက အဲ့ဒီ Application မှာ ပေါ်သွားမှာပါ" ဟု Grab ၏  Group Vice President of Marketing ဖြစ်သူ Cheryl Gohမှ မဇ္စျိမသို့ ပြောသည်။

လာကြိုမည့် ယာဉ်မောင်း၏ လက်ရှိရောက်ရှိနေသည့်နေရာကို မြေပုံတွင် ကြည့်ရှုနိုင်ပြီး ရောက်လာရန် ခန့်မှန်းကြာချိန်ကိုလည်း သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်တွင် အငှားယာဉ်ဝန်ဆောင်မှု နည်းပညာအား စမ်းသပ်ဆဲသာဖြစ်ကြောင်းနှင့် ဧပြီလတွင်မှ ပထမဆုံး စတင်စမ်းသပ်စီးနင်းနိုင်မည်ဖြစ်ကြောင်းကို " မြန်မာနိုင်ငံမှာ Grab Application ကို ကူးယူလို့ရနေပါပြီ။ ပြီးတော့ စမ်းစီးကြည့်ချင်တယ်ဆိုရင် Application မှာ ပထမဆုံး စာရင်းဝင်ရမှာပါ။ ပြီးတော့မှ ဧပြီ ၁ရက်နေ့မှာ စမ်းစီးခွင့်ရှိတဲ့သူစာရင်းထုတ်ပြန်မှာဖြစ်တယ်" ဟုလည်း Cheryl Goh မှ ထပ်ပြောသည်။

Grab Taxi ကို အမှန်တစ်ကယ်အသုံးပြုနိုင်မည့် အချိန်ကိုတော့ အတိအကျ မသိနိုင်သေးကြောင်းလည်း သိရသည်။ Grab သည် အရှေ့တောင်အာရှ၏ ထိပ်တန်းအငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly