အကယ်ဒမီပေးပွဲတွင် တစ်သက်တာရုပ်ရှင်ထူးချွန်ဆု ပါဝင်သင့်သည်ဟု ဒါရိုက်တာကြည်စိုးထွန်း ပြော

အကယ်ဒမီပေးပွဲတွင် တစ်သက်တာရုပ်ရှင်ထူးချွန်ဆု ပါဝင်သင့်သည်ဟု ဒါရိုက်တာကြည်စိုးထွန်း ပြော

ရန်ကုန်၊ မတ် ၂၂ ။              ။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးသည့်စာရင်းတွင် တစ်သက်တာရုပ်ရှင်ဆုကို အခါအားလျော်စွာ ပေးအပ်ချီးမြှင့်သင့်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာကြည်စိုးထွန်းက ပြောသည်။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ကျေးဇူးကြီးမားသည့် ဝါရင့်အနုပညာရှင်များကို နိုင်ငံတော်အဆင့် ထူးချွန်ဆုပေးသင့်သည်ဟု ၎င်းကပြောသည်။

“ဦးကျော်ဆန်း ဝန်ကြီးဖြစ်တုန်းက ကိုယ်ပြောဖူးတယ်။ ဦးတင်ယုကိုပေးချင်တယ် ဆိုတဲ့အခါ ခင်ဗျားတို့အစည်းအရုံးကပဲ ပေးပါဆိုတော့ အစည်းအရုံးကပေးတာနဲ့   ပြန်ကြားရေးဝန်ကြီးဌာနက   ပေးတာမတူဘူးလေ။ အကယ်ဒမီပေးပွဲမှာပေးတာနဲ့့ သပ်သပ်ပေးတာကလည်း မတူဘူးလေ။ အကယ်ဒမီပေးပွဲမှာ တစ်သက်တာဆုပေးတယ်ဆိုတော့ ပိုကောင်းတာပေါ့” ဟု ဒါရိုက်တာကြည်စိုးထွန်းက ပြောသည်။

မြန်မာ့ရုပ်ရှင်သမိုင်းတွင်  တစ်သက်တာရုပ်ရှင်ဆုပုံစံမျိုး အေဝမ်းမောင်တင်ယုနှင့် ဗိုလ်ကလေးတင့်အောင်ကို ပေးခဲ့ကြသော်လည်း နိုင်ငံတော်အဆင့်အနေဖြင့် အကယ်ဒမီပေးပွဲတွင်   ပေးအပ်ခဲ့ခြင်းမဟုတ်ပေ။ ဦးတင်ယုကိုလေးစားသူများက စုပေါင်းပေးအပ်ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required